News

POST TYPE

LATEST NEWS POST

ကိုဗစ်ကာလအတွင်း ကျေးရွာ ၂၀၀ ကျော်တွင် အလုပ်အကိုင်ရအောင် ဖန်တီးပေးမည်ဟုဆို
02-Jul-2020


မန္တလေး၊ ဇူလိုင် ၁ 

ကိုဗစ်-၁၉ ကာလအတွင်း မန္တ‌လေး တိုင်းရှိ ကျေးရွာပေါင်း ၂၀၀ ကျော်မှ ဒေသခံများ အလုပ်အကိုင် အခွင့်အလမ်း များရရှိရေးအတွက် စီမံကိန်းချမှတ်ကာ အကောင်အထည်ဖော်ဆောင်‌ပေးသွား မည်ဖြစ်ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနထံမှသိရသည်။

ကိုဗစ်-၁၉ ကာလအတွင်း အလုပ်အကိုင်အခွင့်အလမ်း ရှားပါးခဲ့ခြင်းကြောင့် လူမှုစီးပွားဘဝ အခက်အခဲရှိခဲ့သူများကို ပြန်လည်ကုစားပေးနိုင်ရန် (Cash for Work) အစီအစဉ်ဖြင့် မန္တလေးတိုင်း အတွင်းရှိ ကျေးရွာပေါင်း ၂၄၉ ရွာတွင် ဆောင်ရွက်‌ပေးမည်ဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတိုင်း ဦးစီးမှူး ဦးစိုးသန်းက ပြောကြားသည်။

စီမံကိန်းအစီအစဉ်များကို ရေးဆွဲနေဆဲဖြစ်ပြီး စီမံကိန်းချပေးရန် ကျေးရွာရွေးချယ်ဆဲ အဆင့်သာရှိသေးကြောင်းနှင့် အတည်ပြုချက်ရရှိလျှင် ဇူလိုင်လလယ် တွင် စတင်အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“ဖြစ်သင့်တဲ့ရွာကို မြို့နယ်လိုက် ရွေးနေတာပေါ့။ လုပ်ငန်းအကောင်အထည် ဖော်တဲ့အဆင့်ကတော့ မရောက်သေးဘူး။ ရွာရွေးနေတာ အတည်ပြုချက်ရရင် ဇူလိုင် လလယ်လောက်မှာ အကောင်အထည်ဖော်နိုင်မှာပေါ့။ စီမံကိန်းက နှစ်မျိုးရှိတယ်။ တစ်မျိုးက CFW က လုပ်အားအတွက် ပိုက်ဆံထောက်ပံ့တာပေါ့။ ဒီအတိုင်း မပေးဘူး။ သူတို့ဆီက လုပ်အားယူပြီး သူတို့ရွာအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ရင်းနဲ့ နေ့တွက်ခတွေရမယ်။ လုပ်အားခထောက်ပံ့တာပေါ့”ဟု ၎င်းကဆိုသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာနအောက်ရှိ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးဆောင်၍ (Cash for Work) စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရခြင်းဖြစ်သည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျေးရွာပေါင်း ၁၄၈၈ ရွာတွင် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး မန္တလေးတိုင်း အတွက် ၂၄၉ ရွာ ပါဝင်ခဲ့ကာ တစ်ရွာလျှင် ကျပ်သိန်း ၁၀၀ အသုံးပြုသွားမည် ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ကပ်ရောဂါကို မတ်လ ၂၇ ရက်တွင် စတင်တွေ့ရှိခဲ့ပြီး ကိုဗစ်ကြောင့် စီပွားရေးလုပ်ငန်းများနှင့် လူမှုဘဝများစွာ ထိခိုက်နစ်နာမှုများ ရှိခဲ့သည်။ 

ဘုန်းမြတ်