News

POST TYPE

LATEST NEWS POST

အခြေခံပညာကျောင်းများတွင် ဘတ်ဂျတ်ပိုမိုသုံးစွဲခြင်းမရှိဘဲ ကျန်းမာရေးဆိုင်ရာပစ္စည်းများ ဖြည့်တင်းပေးထားဟုဆို
30-Jun-2020
ရန်ကုန်၊ ဇွန် ၃၀

ယခုနှစ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် အခြေခံပညာကျောင်းများတွင် ကျန်းမာရေးဆိုင်ရာပစ္စည်းများ ဖြည့်တင်းပေးထားသော်လည်း ဘတ်ဂျက်ပိုမိုသုံးစွဲထားခြင်းမရှိကြောင်း အခြေခံပညာဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းကပြောကြားသည်။

ယခုပညာသင်နှစ်တွင် အထက်တန်းအဆင့်နှင့် အလယ်တန်းဆင့်များကို ဗလာစာအုပ်တစ်ဒါဇင် ၊ ဘော်ပင် ၂ ချောင်း၊ ခဲတံ ၂ ချောင်း၊ မူလတန်းအဆင့်များအတွက် ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်တစ်ဒါဇင်၊ ခဲတံ ၄ ချောင်းပေးမည်ဖြစ်သည်။

ထို့အပြင်လက်ရှိဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အခြေခံပညာကျောင်းပေါင်း ၄ သောင်းကျော်အတွက် အပူချိန်တိုင်းကိရိယာ ၇ သောင်းကျော်၊ Mask ၂၁ သန်းခန့်၊ Face shield ၁၀ သန်းကျော်စသည့်တို့ကို ကျောင်းအပ်နှံရေးကာလတွင် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအသုံးပြုမှုများအတွက် ယခုနှစ်တွင်ဘတ်ဂျက်ကိုပိုသုံးစွဲခြင်းမရှိပဲ ကိုဗစ်-၁၉ ကာလအတွင်း GPE၊ EU စသည့်ပြင်ပအကူအညီများမှ ပေးသောဘတ်ဂျက်များကိုဖြည့်၍ အသုံးပြုခြင်းဖြစ်ပြီး အလားတူ နွေရာသီတွင် ပို့ချပေးလျက်ရှိသော နှစ်ပတ်သင်တန်းမှ ယခုနှစ်တွင် ၁ ပတ်သင်တန်း ၂ ခု၊ ၁၀ရက်သင်တန်းတစ်ခုအဖြစ် ပြောင်းလဲသွားသောကြောင့် ပိုထွက်လာသောဘတ်ဂျက်များကိုပြန်လည်အသုံးပြုရန်စီစဉ်ထားကြောင်း အခြေခံပညာဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာတင်မောင်ဝင်းက ရှင်းပြသည်။

“ ပိုထွက်လာသောဘတ်ဂျက်တွေကို ကိုယ့်သဘောနဲ့ကိုယ် ပြောင်းပြီးသုံးလို့ရတာမဟုတ်ဘူး။ နိုင်ငံတော် သမ္မတရုံးအထိတင်ပြီးမှ သမ္မတရုံးကနေ စီမံဘဏ္ဍာနှင့် စက်မှုဝန်ကြီးဌာနငွေစာရင်းကိုင်ဌာနတို့ညှိနှိုင်းပြီး သူတို့ခွင့်ပြုချက်ရမှ အသုံးပြုရတာပါ” ဟု၎င်းကထပ်မံရှင်းပြသည်။

အခြေခံပညာကျောင်းများတွင် အထက်တန်းများအတွက် ကျောင်းအပ်နှံရေးကာလကို ဇူလိုင်လ ၁၃ ရက်မှ ဇူလိုင် ၁၇ ရက် သတ်မှတ်ထားပြီး ဇူလိုင်လ ၂၁ ရက်တွင် အထက်တန်းမှ စ၍ဖွင့်လှစ်မည်ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုအခြေအနေပေါ်မူတည်၍ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် တို့ကိုတစ်ဆင့်ချင်းစီဖွင့်လှစ်နိုင် ရန်စီစဉ်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

J-02