News

POST TYPE

LATEST NEWS POST

COVID-19 ကို ပြည်သူများ ပေါ့ဆလာခြင်းအပေါ်စိုးရိမ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား
30-Jun-2020
ရန်ကုန်၊ ဇွန် ၃၀

COVID-19 နှင့်ပတ်သက်ပြီး ပြည်သူများပေါ့ဆမှုရှိလာသည်ကို စိုးရိမ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဇွန်လ ၃၀ ရက်နေ့က COVID-19 ကူးစက်ပြန့်ပွားမှု အခြေအနေများနှင့်စပ်လျဉ်း၍ ဒေါက်တာသန္တာလွင် (ဒုတိယညွှန်ကြားရေးမှူးချုပ်(ရောဂါနှိမ်နင်းရေး)၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန)၊ ဒေါက်တာမြင့်မြင့်အေး (ဆေးရုံအုပ်ကြီး၊ ရန်ကုန်ပြည်သူ့ဆေးရုံ)၊ ဒေါက်တာချိုချိုထူးဆန်း (အထူးကုဆရာဝန်ကြီး(ဆေးပညာ)၊ ဘားအံပြည်သူ့ဆေးရုံ) တို့နှင့် အွန်လိုင်းဆွေးနွေးခြင်းတွင် ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

COVID-19 နှင့်ပတ်သက်ပြီး စည်းမျဉ်းစည်းကမ်းများသတ်မှတ်ခဲ့သည်မှာ သုံးလကျော်အထိ ရောက်ရှိလာပြီဖြစ်ရာ ပြည်သူများအနည်းငယ်ငြီးငွေ့မှုရှိလာခဲ့ပြီး ကာကွယ်ရမည့်နည်းလမ်းများအပေါ်တွင်လည်း ပေါ့ဆမှုများရှိလာကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

“ဒီလောက်လည်း မဆိုပါဘူးဆိုပြီး နည်းနည်းပေါ့လာတာပေါ့။ အဲဒါကိုလည်း ကျွန်မတို့ နည်းနည်းစိတ်ပူတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ထပ်လောင်းပြောကြားသည်။

COVID-19 ရောဂါပြန့်ပွားမှုကို ကာကွယ်နိုင်ရန်အတွက် နှစ်ပတ်တစ်ကြိမ် အခြေအနေများသုံးသပ်ပြီး ဆက်လက်ထိန်းသိမ်းရမည့် စည်းမျဉ်းများနှင့် ဖြေလျှော့ရမည်များကိုဖြေလျှော့ကာ ရောဂါမပြန့်ပွားစေရန် ဆောင်ရွက်နိုင်မည်ဆိုပါက နောင်တစ်လ၊ နှစ်လအတွင်း ဒုတိယအကြိမ် COVID-19 လှိုင်းထခြင်းကို တားဆီးနိုင်ရန် မျှော်လင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားထားသည်။

S-09