News

POST TYPE

LATEST NEWS POST

အင်းစိန်မြို့နယ်မှ ပြည်သူများကို Stay at Home အစီအစဉ်မှ ပြန်လည်ပယ်ဖျက်
30-Jun-2020
ရန်ကုန်၊ ဇွန် ၃၀

COVID-19 ရောဂါထိန်းချုပ်နိုင်မှု တိုးတက်သည့်အတွက် အင်းစိန်မြို့နယ်ရှိ ပြည်သူများကို ဇူလိုင်လ ၁ ရက်နေ့မှစတင်ကာ Stay at Home အစီအစဉ်တွင် အကျုံးဝင်ခြင်းမှ ပြန်လည်ပယ်ဖျက်ပေးလိုက်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။

COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမိုထိရောက်စွာထိန်းချုပ်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ ၁၀ မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ ၁ မြို့နယ်၊ စုစုပေါင်း ၁၁ မြို့နယ်တွင်နေထိုင်သည့် ပြည်သူများအနေနှင့် မိမိနေအိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကြေညာခဲ့သည်။

ယင်းကဲ့သို့ Stay at Home အစီအစဉ်တွင် အကျုံးဝင်ကြောင်းကြေညာခဲ့သည့် ၁၁ မြို့နယ်အနက် ၁၀ မြို့နယ်သည် COVID-19 ရောဂါထိန်းချုပ်နိုင်မှု အခြေအနေတိုးတက်လာသည်ကို တွေ့ရှိရသည့်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မေလ ၁၄ ရက်၊ မေလ ၂၅ ရက်နေ့၊ ဇွန်လ ၁၄ ရက်တို့တွင် Stay at Home အစီအစဉ်ကို ပယ်ဖျက်ပေးခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင်လည်း COVID-19 ရောဂါကူးစက်ပြန့်ပွားမှုနှင့် ကပ်ရောဂါဗေဒဆိုင်ရာ အချက်အလက်များအရ ရောဂါထိန်းချုပ်မှုနှင့်စပ်လျဉ်း၍ တိုးတက်မှုရှိသည်ကို တွေ့ရှိရသည့်အတွက် အင်းစိန်မြို့နယ်အတွင်း နေထိုင်သည့် ပြည်သူများအတွက် Stay at Home အစီအစဉ်မှ ပြန်လည်ပယ်ဖျက်ပေးလိုက်ခြင်းဖြစ်သည်။

ဇွန်လကုန်တွင် Stay at Home အစီအစဉ်ကို မြို့နယ်အားလုံးအား ဖြေလျှော့ပေးနိုင်ပြီဖြစ်သော်လည်း လူစုလူဝေးဖြစ်စေနိုင်သည့်ကိစ္စများကို ပိတ်ပင်ထားဆဲဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဖေ့စ်ဘွတ်ခ် စာမျက်နှာမှတစ်ဆင့် အသိပေးပြောကြားထားသည်။

အင်းစိန်မြို့နယ်သည် ကိုရိုနာဗိုင်းစ်ကူးစက်ခံရမှုအများဆုံး ဒေသတစ်ခုဖြစ်ခဲ့ပြီး ယခုအခါ ပိုးတွေ့လူနာ ၄၄ ဦးအနက် ၃၆ ဦးသည် ရောဂါမှပြန်လည်သက်သာ၍ နေအိမ်အသီးသီးသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ပြောဆိုသည်။

S-09