News

POST TYPE

LATEST NEWS POST

YBS ဘတ်စ်ကားများတွင် ကတ်စနစ်ဖြင့် ယာဉ်စီးခပေးချေမှု မကြာခင်စတင်တော့မည်
29-Jun-2020

ရန်ကုန်၊ ဇွန် ၂၉
 
YBS ဘတ်စ်ကားများတွင် ခရီးသည်များစီးနင်းရာ၌ Yangon Payment Service (YPS) ကတ်စနစ်ဖြင့် ယာဉ်စီးခငွေပေးချေသည့်စနစ်ကို မကြာခင်စတင်တော့မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ YRTA မှ တွဲဖက်အတွင်းရေးမှူးဖြစ်သူဦးလှအောင်က ပြောကြားသည်။
 
လက်ရှိတွင် ကတ်စနစ်ကို YBS ယာဉ်အစီးရေ ၂၅၀၀ ကျော်တွင် တပ်ဆင်ပြီးစီးကာ စစ်ဆေးဆောင်ရွက်နေပြီး ယင်းကတ်စနစ်ကို Asia starmar Transport Intelligence ကုမ္ပဏီလီမိတက်မှ တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ YRTA မှ သိရသည်။

ကတ်စနစ်စတင်မည့်အချိန်ကို အတိအကျ မပြောနိုင်သေးသော်လည်း မကြာခင်စတင်မည်ဖြစ်ကြောင်း စတင်မည့်ရက်ကို ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ကြောင်း YRTA မှ တွဲဖက်အတွင်းရေးမှူးဖြစ်သူ ဦးလှအောင်ကဆိုသည်။
 
“ကတ်စနစ်ကို အမြန်ဆုံးအကောင်အထည်ဖော်နိုင်အောင် စီမံဆောင်ရွက်နေတယ်။ အခုအကောင်အထည်ဖော်တာနဲ့ပတ်သက်ပြီး တာဝန်ရှိတဲ့ လူကြီးတွေအနေနဲ့ ကတ်စနစ်စတင်မယ့်ရက်နဲ့ ဘယ်လိုမျိုးစီစဉ်ဆောင်ရွက်ပေးမလဲ ထုတ်ပြန်ကြေညာပေးမှာပါ။ တပ်ဆင်ထားတဲ့ယာဉ်တွေကိုလဲ စစ်ဆေးပြီးပါပြီ။ အမြန်ဆုံးစတင်နိုင်ဖို့ အခုဆောင်ရွက်နေပါတယ်” ဟု ၎င်းက ဆိုသည်။

YBS ယာဉ်များတွင် ကတ်စနစ်စတင်ကျင့်သုံးပါက ယာဉ်လိုင်းများအနေဖြင့် သတ်မှတ်ဧရိယာအတွင်းသာ ယာဉ်စီးခဖြတ်တောက်မည်ဖြစ်သည့်အတွက် မှတ်တိုင်မရောက်မီ ခရီးသည်အတင်အချလုပ်ပါက YBS ယာဉ်လိုင်းများ ဆုံးရှုံးနစ်နာသည့်အတွက် သက်ဆိုင်ရာ တာဝန်ခံယာဉ်လိုင်းများမှ ထိန်းချုပ်ပေးရန် လိုအပ်ပြီး YRTA အနေဖြင့်လည်း ထိန်းချုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း YRTA ထံမှ သိရသည်။
 
ထို့ပြင် YBS ကတ်စနစ်ဖြင့် ဖြတ်လိုက်သည့်ငွေများ ယာဉ်လိုင်းကုမ္ပဏီများ၏ ဘဏ်အကောင့်သို့ ဝင်ရောက်သည့်အချိန်စသည့် ငွေကြေးလည်ပတ်မှုကိုလည်း သိရှိနိုင်မည်ဖြစ်ပြီး ယင်း YPS အမှတ်တံဆိပ်ပါရှိသည့် G & G စတိုးဆိုင်များတွင် YPS ကတ်ဝယ်ယူခြင်းနှင့် ငွေဖြည့်ခြင်းဝန်ဆောင်မှုများကို ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
 
ရန်ကုန်တိုင်းဒေသကြီးတွင် COVID-19 ကူးစက်ခံရသူများရှိလာသည့်နောက်ပိုင်း YBS စီးနင်းသည့် ခရီးသည်လျော့ကျလာခဲ့ပြီး ယခုလက်ရှိတွင် YBS ပြေးဆွဲလမ်းကြောင်း ၁၂၅ လိုင်းမှ မော်တော်ယာဉ်စီးရေ ၃၇၀၀ ကျော်ဖြင့် ခရီးသည် ၈ သိန်းကျော်ကို သယ်ယူပို့ဆောင်ပေးနေကြောင်း YRTA ထံမှ သိရသည်။
 
S-05