News

POST TYPE

LATEST NEWS POST

အိန္ဒိယတွင် ရုံးများ၊ ရှော့ပင်းမောများနှင့် စားသောက်ဆိုင်များ ပြန်လည်ဖွင့်လှစ် လည်ပတ်ခွင့်ပြု
07-Jun-2020


ဒေလီ၊ မေ ၆ 

အိန္ဒိယနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်နှံ့မှုထိန်းချုပ်ရန် သတ်မှတ်ပြဋ္ဌာန်းခဲ့သော Lockdown များကို ပြန် လည်ရုပ်သိမ်းလိုက်ပြီဖြစ်ပြီး လာမည့် ဇွန်လ ၈ ရက်နေ့မှစ၍ ရှော့ပင်းမောများ၊ ဝတ်ပြုဆုတောင်းသည့်နေရာများ၊ စား သောက်ဆိုင်များနှင့် ရုံးများအားလုံးကို ပြန်ဖွင့်ရန် စီစဉ်လျက်ရှိကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

Lockdown ဖြေလျှော့မှုများနှင့်အတူ New Normal ကာလအတွက် စည်းမျဉ်းစည်းကမ်းများကိုလည်း အစိုးရကထုတ်ပြန်လိုက်သည်။ ဘုရားကျောင်းများတွင် အစားအစာလှူကျွေးမွေးလှူဒါန်းမှုမပြုလုပ်ရန် သတ်မှတ်ချက်အပါအဝင် အခြားစည်းမျဉ်းစည်းကမ်းများကို အာဏာပိုင်များက ထုတ်ပြန်ခဲ့သည်။ 

ဖြေလျှော့မှုများပြုလုပ်သည်ဟုဆိုသော်လည်း နာမကျန်းသူများ၊ ကိုယ်ဝန်ဆောင်များနှင့် သက်ကြီးရွယ်အိုများအနေနှင့် နေအိမ်တွင်သာ နေထိုင်ကြရန် တိုက်တွန်းထားသည်။ 

ပြန်လည်ဖွင့်လှစ်မည့်နေရာဒေသ အဆောက်အအုံများ အဝင်ဝတွင် ပိုးသတ်လက်သန့်ဆေးရည်များ ထားရှိပေးရန်နှင့် လူတစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာပြုမူပြောဆိုနိုင်သည့် အနေအထားအမျိုးဖန်တီးပေးထားရန် ကျန်းမာရေးဝန်ကြီးဌာနက ပြန်လည်ဖွင့်လှစ်မည့် လုပ်ငန်းခွင်များ အားလုံးသို့ ညွှန်ကြားချက် ထုတ်ပြန်ထားသည်။ 

ဘာသာရေးဆိုင်ရာ အဆောက်အအုံများ ပြန်လည်ဖွင့်ခွင့်၊ ဝတ်ပြုဆုတောင်းခွင့်ပြုသည်ဟု ဆိုသော်လည်း လူအမြောက် အမြားစုဝေးမှုကို လုံးဝတားမြစ်ထားသည်။ 

စားသောက်ဆိုင်များဆိုင်ရာလမ်းညွှန်ချက်အရ စားသောက်ဆိုင်များထဲတွင် ယခင်ရှိထားသောနေရာ၏ ၅၀ ရာခိုင်နှုန်းကိုသာ စားသုံးသူများအား အသုံးပြုခွင့်၊ ထိုင်စားခွင့်ပြုမည်ဖြစ်သည်။ ဖြစ်နိုင်ပါက ပါဆယ်သာ ဝယ်ယူအားပေးကြရန်လည်း ကျန်းမာရေးအာဏာပိုင်များက အကြံပြုထားသည်။ 

နေအိမ်အရောက်ပို့ ဝန်ဆောင်မှုပြုလုပ်မည့် ဝန်ထမ်းများနှင့် စားဖိုမှူးများကို အဖျားရှိ၊ မရှိ ပုံမှန်စစ်ဆေးပေးရမည်ဟုလည်းဆိုသည်။ 

ကော်ဖီဆိုင်များနှင့် ဈေးဆိုင်များ အားလုံးအနေနှင့် Social Distancing ဆိုင်ရာ သတ်မှတ်ပြဋ္ဌာန်းချက်များကို တိတိကျကျ လိုက်နာရမည်ဟုလည်း အိန္ဒိယအာဏာပိုင်များက သတိပေးထားသည်။ ဓာတ်လှေခါးစီးနင်းအသုံးပြုရာတွင် လူဦးရေကို ကန့်သတ်သွားမည်ဟုဆိုသည်။ 

F-01