News

POST TYPE

LATEST NEWS POST

ပုပ္ပားတောင်ကလပ်ရှိမျောက်များကို တစ်လလျှင် ကျပ်ခုနစ်သိန်းဖိုးခန့် မျောက်စာကျွေးလျက်ရှိဟုဆို
07-Jun-2020


ချောက်၊ ဇွန် ၆

မြန်မာနိုင်ငံ၏ အထင်ကရနေရာတစ်ခုဖြစ်သော ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ပုပ္ပားတောင်ကလပ်ရှိ မျောက်များကို ဂေါပကအဖွဲ့က တစ်လလျှင် ကျပ်ခုနစ်သိန်းဖိုးခန့် မျောက်စာဝယ်ကျွေးနေရသည်ဟု ပုပ္ပားတောင်ကလပ်ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးဌေးမြင့်က ပြောဆိုသည်။

ကိုဗစ်-၁၉ ရောဂါကြောင့် ပုပ္ပားတောင်ကလပ်သို့ ဘုရားဖူးလာရောက်သူမရှိ၍ ပုပ္ပားတောင်ကလပ်ဂေါပကအဖွဲ့က  အလှူခံရရှိထားသောငွေများဖြင့် မျောက်စာဝယ်ကျွေးနေရခြင်းဖြစ်သည်။

ကိုဗစ် ၁၉ ရောဂါကာလအတွင်း  ပုပ္ပားတောင်ကလပ်သို့ ဘုရားဖူးလာရောက်ခွင့် တားမြစ်ပိတ်ပင်ထားခြင်း မရှိသော်လည်း ဘုရားဖူးများအနေနှင့် ၇၂ နာရီ ကျန်းမာရေးကောင်းမွန်ကြောင်း ထောက်ခံချက်ပါရှိမှသာ တောင်ကလပ်ပေါ်သို့ တတ်ခွင့်ရမည်ဟု စည်းကမ်းထုတ်ထားသည်။

"ကျွန်တော်တို့ဂေါပကအနေနဲ့ ဟိုအရင်ကကတည်း မျောက်စာအမြဲတမ်းဝေတယ်လေ။ ဘုရားဖူးကာလမှာ ဘုရားဖူးတွေက ကျွေးတာနဲ့ဆိုတော့ မျောက်စာက ကျွေးရတာနည်းတာပေါ့။ ခုလို ဘုရားဖူးပါးတဲ့ နယုန်၊ ဝါဆိုလတွေမှာ ပိုပြီးကျွေးရတာပေါ့။ ခုတော့ ပြီးခဲ့တဲ့မေလကဆို မျောက်စာဖိုး ခုနစ်သိန်းကုန်တယ်။ ပြောင်းဖူးစေ့ဆို တစ်ခါဝယ် အိတ် ၃၀၊ ကုလားပဲ ၁၅ အိတ်၊ အိတ်၂၀ တစ်ခါတည်း ဝယ်ထားပြီး တစ်နေ့ကို နှစ်အိတ်နှုန်းလောက် ပုံမှန်ကျွေးရတယ်။ တစ်နေ့ကို နှစ်ကြိမ်၊ သုံးကြိမ် ကျွေးရတာ" ဟု ဦးဌေးမြင့်က ရှင်းပြသည်။

ယင်းတောင်ကလပ်ရှိ မျောက်များကို ဂေါပကအဖွဲ့အပြင် အနီးပတ်ဝန်းကျင်ရှိ စေတနာရှင်၊ အလှူရှင်များက ၎င်းတို့၏ အစီအစဉ်ဖြင့် တောင်ကလပ်အခြေ ကားလမ်းမတွင် ပြောင်းဖူး၊ ငှက်ပျောသီး၊ သင်္ဘောသီး၊ သရက်သီး အစရှိသော အသီးများ လာရောက်ကျွေးမွေးသည် များလည်းရှိသည်ဟု ဂေါပကအဖွဲ့ထံမှသိရသည်။

"အလှူရှင်က လှူချင်တယ်ဆိုရင်လည်း စီစဉ်ဆောင်ရွက်ပေးတာပေါ့။ ဂေါပကအနေနဲ့ အလှူခံတာ မဟုတ်ပေမယ့် စိတ်ဝင်စားလို့ မျောက်စာကျွေးချင်ပါတယ်ဆိုလည်း ကျွန်တော်တို့နဲ့ဆက်သွယ်ပြီး လှူဒါန်းလို့ရပါတယ်" ဟု  ဦးဌေးမြင့်က ဆက်လက်ပြောဆိုသည်။

ပုပ္ပားတောင်ကလပ်ဘုရားတွင် အမှီပြုနေထိုင်သော မျောက်အကောင်ရေ ၃၅၀ဝ ခန့်ရှိသည်ဟု ပေါပကအဖွဲ့ထံမှ ထပ်မံသိရသည်။ 

R-11