News

POST TYPE

LATEST NEWS POST

စုမဲလုပ်ငန်းများကို တရားဝင်ခွင့်ပြုမထား၊ တိုင်ကြားပါက အရေးယူ
07-Jun-2020
ရန်ကုန်၊ ဇွန် ၆

စုမဲလုပ်ငန်းများကို တရားဝင်ခွင့်ပြုထားခြင်းမရှိဘဲ တိုင်ကြားမှုများရှိပါက ရာဇဝတ်မှုများဖြင့် အရေးယူလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ် ဒေါ်ခင်မျိုးကြည်က ပြောကြားသည်။

"အမှုရဲ့ဖြစ်စဉ်ပေါ်မှာ အခြေအနေလိုက်ပြီး သက်ဆိုင်ရာပြစ်မှုတွေနဲ့ အရေးယူအပြစ်ပေးလျက်ရှိပါတယ်။ ငွေရေးကြေးရေး အဖွဲ့အစည်းဥပဒေဟာ ငွေအပ်နှံသူများရဲ့ အကျိုးစီးပွားကို အကာအကွယ်ပေးရန်နဲ့ ငွေရေးကြေးရေးစနစ်တည်ငြိမ်မှု၊ လုံခြုံခိုင်မာမှုကို ထိန်းသိမ်းနိုင်ရန် ပြဋ္ဌာန်းထားခြင်းဖြစ်ပါတယ်" ဟု ၎င်းကဆိုသည်။

ငွေကြေးအဖွဲ့အစည်းဥပဒေပုဒ်မ ၂ ပုဒ်မခွဲ (ဘ)တွင် အပ်နှံငွေဆိုသည်မှာ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် သို့မဟုတ် အဖွဲ့အစည်းတစ်ခုခုက ငွေအပ်နှံပြီး အဆိုပါငွေအပ်နှံသူက တောင်းဆိုသည့်အခါတွင်ဖြစ်စေ၊ ငွေအပ်နှံသူနှင့် ငွေလက်ခံသူတို့ သဘောတူထားသည့် အချိန်ကာလတစ်ခုတွင်ဖြစ်စေ၊ ငွေပမာဏတစ်ရပ်လုံး (သို့မဟုတ်) တစ်စိတ်တစ်ပိုင်းအား ပြန်လည်ပေးအပ်ရမည်ဟု ပြဋ္ဌာန်းထားပြီး ယင်းငွေအပ်နှံ၊ ငွေလက်ခံသည့်လုပ်ငန်းကို ဗဟိုဘဏ်၏ ခွင့်ပြုချက်လိုင်စင်ရရှိမှသာ လုပ်ကိုင်ခွင့်ရကြောင်း သိရသည်။

"တရားမဝင်စုမဲလုပ်ငန်းတွေကို မိသားစု၊ ညီအစ်ကိုမောင်နှမ၊ ဆွေမျိုးသားချင်း လုပ်ဖော်ကိုင်ဖက်၊ သူငယ်ချင်း၊ မိတ်ဆွေအပေါင်းအသင်းများကြားမှာ အကျိုးအမြတ်ရယူခြင်းမရှိ၊ အချင်းချင်းအဆင်ပြေသလို လုပ်ကိုင်ဆောင်ရွက်နေကြရင်း အခုအခါမှာတော့ မသမာသူတချို့က Social Media ဖြစ်တဲ့  Facebook ကိုသုံးပြီး စီးပွားဖြစ်လုပ်ကိုင်လာကြတယ်။ ဒါက သာမန်ရာဇဝတ်မှုမဟုတ်ဘဲ သက်သေခံချက် အထောက်အထားရှာဖွေဖော်ထုတ်ရန် ခက်ခဲတဲ့ရာဇဝတ်မှုတွေ ဖောင်းပွလာတာ။ ဒါကြောင့် တာဝန်ရှိသူတွေအနေနဲ့ ဥပဒေနဲ့အညီအရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိပါတယ်" ဟု ဒေါ်ခင်မျိုးကြည်က ဆက်လက်ပြောကြားသည်။

လူမှုကွန်ရက်စာမျက်နှာ Facebook/Page များပေါ်မှ ငွေကြေးလိမ်လည်မှုများရှိနေပြီး ပြည်သူများအနေနှင့် ပူးပေါင်းပါဝင်ရန် လိုအပ်ကြောင်း၊ ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြုပြီး လိမ်လည်ခြင်း၊ အလွဲသုံးစားပြုခြင်းများကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဂ)(Cyber Crime)ဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိပြီး ယင်းလိမ်လည်မှုများကို  ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သက် ဆိုင်ရာတရားရုံးအသီးသီးတွင် ရာဇသတ်ကြီး ပုဒ်မ ၄၂၀ ဖြင့် စွဲဆိုမှု ၁၂ မှု၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဂ) (Cyber Crime) ဖြင့် စွဲဆိုမှုတစ်မှု၊ စုစုပေါင်း ၁၃ မှုရှိကြောင်း ရန်ကုန် တိုင်းဒေသကြီးလွှတ်တော်ရုံးထံမှ သိရသည်။

မည်သူမဆို ဆက်သွယ်ရေးကွန်ရက် တစ်ခုခုကိုအသုံးပြု၍ ငွေကြေးနှင့်ပစ္စည်းတစ်ရပ်ရပ်ကို ခိုးယူခြင်း၊ လိမ်လည်ခြင်း၊ အလွဲ သုံးစားပြုခြင်း သို့မဟုတ် အကျိုးပျက်စီးစေခြင်းစသည့်ပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူအား သုံးနှစ်ထက်မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဂ)တွင် ဖော်ပြထားသည်။

S -08