News

POST TYPE

LATEST NEWS POST

စစ်ကိုင်းတိုင်းအတွင်းရှိ ကျန်းမာရေးစစ်ဆေးဂိတ်များ ပိတ်သိမ်း
07-Jun-2020

စစ်ကိုင်း၊ ဇွန် ၆  

ကုန်စည်ပို့ဆောင်မှုနှင့် အများပြည်သူဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် စစ်ကိုင်းတိုင်းအတွင်းရှိ မြို့ဝင်မြို့ထွက်နှင့် ရပ်ကွက်ကျေးရွာများမှ ကျန်းမာရေးစစ်ဆေးရေးဂိတ်များကို ပိတ်သိမ်းခဲ့သည်ဟု စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ တိုင်း ဥပဒေချုပ် ဦးခင်မောင်လှက ပြောကြားသည်။

ယင်းသို့ဆောင်ရွက်နိုင်ရန် ဇွန်လ ၃ ရက်နေ့က တိုင်းအတွင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ၊ ခရိုင်အဆင့် Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအားလုံးကို စစ်ကိုင်းတိုင်းအစိုးရအဖွဲ့က ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

"စစ်ကိုင်းတိုင်းအတွင်းက မြို့အဝင်တွေကိုတော့ ဂိတ်တွေပိတ်လိုက်တယ်။ တိုင်းခြား၊ ပြည်နယ်ခြားက ဝင်လာမယ့်နေရာတွေကို အဝင်၊အထွက် ဆက်ပြီးစောင့်ကြည့်မယ်။ စစ်ကိုင်းကနေ မုံရွာသွားမယ်ဆို မုံရွာအဝင်ဂိတ်မှာ စစ်ဆေးတာမျိုး မလုပ်တော့ဘူး။ မန္တလေးတိုင်းကနေ စစ်ကိုင်းဝင်မယ်ဆို စစ်ကိုင်းအဝင်ဂိတ်က နေရှာမယ်။ စစ်ကိုင်းတိုင်းအတွင်းကို အခြားတိုင်းနဲ့ ပြည်နယ်တွေက ဝင်လာမယ့် ဝင်ပေါက်နေရာတွေကိုတော့ ဆက်ပြီးစောင့်ကြည့်စစ်ဆေးသွားမယ်" ဟု စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ တိုင်းဥပဒေချုပ် ဦးခင်မောင်လှက ပြောဆိုသည်။

စစ်ကိုင်းတိုင်းအတွင်း Covid-19 ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာ ခုနစ်ဦးကို ကျန်းမာရေးဌာနများတွင် ကုသပေးခဲ့ပြီး ယခုအခါ လူနာများတွင် ရောဂါပိုးတွေ့ရှိခြင်းမရှိတော့ဘဲ ဆေးရုံမှဆင်းခွင့်ပြုနိုင်ခဲ့သည့်အတွက် Covid-19 ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အတိုင်းအတာတစ်ခုအထိ ဆောင်ရွက်နိုင်ခဲ့သည်ဟု စစ်ကိုင်းတိုင်း အစိုးရအဖွဲ့က ပြောဆိုထားသည်။

မောင်တာရာ