News

POST TYPE

LATEST NEWS POST

အိန္ဒိယကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်တစ်ဦး၏ ပိုက်ဆံအိတ် ခါးပိုက်နှိုက်ခံရ
07-Jun-2020
မန္တလေး၊ ဇွန် ၆

မန္တလေးမြို့အခြေစိုက် အိန္ဒိယကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်တစ်ဦးသည် မြနန္ဒာဈေးအတွင်း ဈေးသွားဝယ်စဉ် ဇွန်လ ၆ ရက်နေ့က ပိုက်ဆံအိတ်ခါးပိုက်နှိုက်ခံခဲ့ရသည်။ 

ကောင်စစ်ဝန် Mr. Rajendra Kumar သည် ဇွန်လ ၆ ရက် နံနက်ပိုင်းက မန္တလေးမြို့သစ်ရှိ မြနန္ဒာဈေးသို့ ဈေးသွားဝယ်စဉ် ၎င်း၏ကျောပိုးအိတ်ထဲတွင်ထည့်ထားသောပိုက်ဆံအိတ် ခါးပိုက်နှိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း အိန္ဒိယကောင်စစ်ဝန်ချုပ်ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ 

"သက်ဆိုင်ရာရဲစခန်းနဲ့ နယ်ထိန်းတို့ကိုတော့ အကြောင်းကြားထားတယ်လို့သိရတယ်" ဟု ၎င်းကပြောဆိုသည်။ 

ကောင်စစ်ဝန်၏ ပိုက်ဆံအိတ်အတွင်း၌ နိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပေးထားသောဝန်ထမ်းကတ်နှင့်အတူ အခြားအရေးကြီးသော သက်သေခံကတ်များ၊ စာရွက်စာတမ်းများပါသွားခဲ့ကြောင်း ကာယကံရှင်ထံမှ သိရသည်။ 

ပိုက်ဆံအိတ်နှိုက်ယူသွားသူသည် ပိုက်ဆံကိုသာယူ၍ ပိုက်ဆံအိတ်ကို လွှင့်ပစ်နိုင်သောကြောင့်  ကောက်ယူတွေ့ရှိပါက ချမ်းမြသာစည်မြို့နယ် ၆၅ လမ်းနှင့် ငုဝါလမ်းထောင့်ရှိ အိန္ဒိယကောင်စစ်ဝန်ချုပ်ရုံးသို့ အကြောင်းကြားပေးရန် မေတ္တာရပ်ခံထားပြီး ပြန်လည်ကျေးဇူးဆပ်ပါမည် ဟု အိန္ဒိယကောင်စစ်ဝန်ချုပ်ရုံး၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြကြေညာထားသည်။

အထက်ပါကိစ္စနှင့်ပတ်သက်၍ အသိပေးအကြောင်းကြားထားသော်လည်း အမှုဖွင့်ထားခြင်းမရှိသေးကြောင်း သက် ဆိုင်ရာနယ်မြေရဲစခန်းထံမှ သိရသည်။

မြနန္ဒာဈေးသည် မနော်ဟရီလမ်း၊ ၆၆ လမ်းနှင့် ၆၅ လမ်းကြား ချမ်းမြသာစည်မြို့နယ်တွင် တည်ရှိသည်။ 

ဘုန်းမြတ်