News

POST TYPE

LATEST NEWS POST

အိုဇေးလ်နှင့်ချုပ်ဆိုထားသည့် ပေါင် ၂၂ သန်းတန် ကာလရှည်စပွန်ဆာစာချုပ်ကို အက်ဒီးဒက်စ် ဖျက်သိမ်း
05-Jun-2020


လန်ဒန်၊ ဇွန် ၄

နာမည်ကြီး အားကစားကုမ္ပဏီအက်ဒီးဒက်စ်သည် အာဆင်နယ်ကွင်း လယ်လူအိုဇေးလ်နှင့် ၇ နှစ်ကြာလက်တွဲခဲ့မှုကို အဆုံးသတ်ခဲ့ပြီဖြစ်ကြောင်း ESPN ကဖော်ပြခဲ့သည်။ 

အိုဇေးလ်သည် တစ်နှစ် ပေါင် ၂ ဒသမ ၅ သန်းဝန်းကျင် တန်ကြေးရှိသည့် အဆိုပါစာချုပ်ကို ၂၀၁၃ ခုနှစ်တွင် စတင် ချုပ်ဆိုခဲ့သော်လည်း ၎င်းသည် တူရကီ သမ္မတ အာဒိုဂန်နှင့်လူရင်းတစ်ဦးအဖြစ် ရှိခဲ့ခြင်းကြောင့် ဂျာမနီလက်ရွေးစင် အသင်းမှ ဖယ်ရှားခံခဲ့ရသလို ခြေစွမ်းနှင့် ပုံရိပ်ကျဆင်းလာခဲ့ရသည်။ 

အက်ဒီးဒက်စ်ဘက်မှလည်း ကူးစက်ရောဂါကြောင့် ဝင်ငွေကျဆင်းလာခြင်းကို ကာမိစေရန် ဆောင်ရွက်လျက်ရှိပြီး လက်ရှိတွင် အိုဇေးလ်အား စွန့်လွှတ်ခဲ့ပြီဖြစ် သည်။ 

အိုဇေးလ်သည် ကစားသမားဘဝ အစောပိုင်းကာလများတွင် နီကီနှင့်ရင်းနှီး သည့်ဆက်ဆံရေးရှိခဲ့သူဖြစ်ပြီး နောက်ပိုင်းတွင် မက်ဆီ၊ ပေါ့ဘာ၊ ဂါရတ်ဘေးလ်တို့နည်းတူ အက်ဒီးဒက်စ်နှင့်လက်တွဲခဲ့ခြင်း ဖြစ်သည်။ 

အက်ဒီးဒက်စ်ဘက်မှ အိုဇေးလ်အား သက်တမ်းတိုးခွင့်စာချုပ်နှင့်ချည်နှောင်ထားခဲ့သော်လည်း ကစားသမား၏ ကိုယ်ရေးရာဇဝင်နှင့် ခြေစွမ်းအဆင့်အတန်း ကျဆင်းသွားခြင်းကြောင့် အလားတူစည်းမျဉ်းများဖြင့် စာချုပ်သစ်ချုပ်ဆိုရန်တွန့်ဆုတ်ခဲ့ခြင်းဖြစ်သည်။ 

အိုဇေးလ်၏အေးဂျင့် ဒေါက်တာအာကက်က "မနက်ဖြန်ဆိုရင်သူဟာ အခြားသောစာချုပ်တွေ ချုပ်ဆိုနိုင်ပါပြီ။ သူဟာ ပရီးမီးယားလိဂ်မှာဘယ်သူမှ လက်လှမ်းမမီတဲ့အမှတ်တံဆိပ်တွေကို ဆွဲဆောင်နိုင်တယ်ဆိုတာကိုမြင်အောင်ကြည့်ရင် တွေ့နိုင်ပါတယ်။ သူ့ရဲ့ကိုယ်ပိုင်အမှတ်တံဆိပ်ကို တည်ဆောက်ဖို့အချိန်ရောက်လာပါပြီ"ဟုဆိုခဲ့သည်။

ငြိမ်းပြည့်