News

POST TYPE

LATEST NEWS POST

နေမာ အပြောင်းအရွှေ့တွင် ကစားသမားအလိုက်ပေး ကမ်းလှမ်းခြင်းကို ပီအက်စ်ဂျီဘက်မှ လက်ခံမည်မဟုတ်
05-Jun-2020


ပဲရစ်၊ ဇွန် ၄

ဘရာဇီးတိုက်စစ်မှူး နေမာ၏အပြောင်းအရွှေ့တွင် ပီအက်စ်ဂျီအသင်းဘက်မှ အသားတင်ပြောင်းရွှေ့ကြေး ပေါင် ၁၅၅ သန်းရယူလိုကြောင်း Diario Sport ကဖော်ပြခဲ့သည်။ 

အသင်းဟောင်းဘာစီလိုနာက ၎င်းအား ပြန်လည်ခေါ်ယူနိုင်လိမ့်မည်ဟု မျှော်လင့်နေဆဲဖြစ်သော်လည်း ကမ်းလှမ်းမှုတွင် ကစားသမားအလိုက်ပေးခြင်းကို ထည့်သွင်းပါက ပီအက်စ်ဂျီဘက်မှလက်ခံလိမ့်မည်မဟုတ်ဟုသိရသည်။ 

နေမာသည် နူးကမ့်ကိုကျောခိုင်းခဲ့သော်လည်း လက်ရှိအချိန်အထိ မက်ဆီ၊ ဆွာရက်ဇ်တို့နှင့် ရင်းနှီးသည့်ဆက်ဆံရေး တည်ဆောက်ထားနိုင်ဆဲဖြစ်သည်။ 

၂၀၁၇ တွင် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ပီအက်စ်ဂျီသို့ ရောက်ရှိခဲ့သော်လည်း နေမာသည်မကြာခဏဆိုသလို စပိန်သို့သွားရောက်လေ့ရှိပြီး အသင်းဖော်ဟောင်းများနှင့်တွေ့ဆုံလေ့ရှိသူဖြစ်သည်။ 

နေမာသည် ပြင်သစ်မြေသို့ပြောင်း ရွှေ့ခဲ့ပြီးနောက်ဒဏ်ရာပြဿနာများရှိခဲ့ပြီး အသင်း၏လီဂူးပွဲစဉ် ၁၀၃ ပွဲတွင် ၅၂ ပွဲ သာ ပါဝင်ခွင့်ရခဲ့သော်လည်း ၄၇ ဂိုးအထိ သွင်းယူနိုင်ခဲ့သည်။ 

၎င်းကို ဘာစီလိုနာ၏အဓိကပြိုင်ဘက် ရီးရဲလ်အသင်းကပါ စိတ်ဝင်စားနေသော်လည်း ကိုရိုနာကြောင့် အကျပ်အတည်းဖြစ်နေချိန်တွင် ခေါ်ယူဖွယ်မရှိပေ။  

သို့ရာတွင် ဘာစီလိုနာအသင်းဘက်မှ နေမာကိုနူးကမ့်သို့ ပြန်လည်ခေါ်ယူနိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းနေဆဲဖြစ်ပြီး ပီအက်စ်ဂျီ ဘက်မှအလိုရှိသည့် ပေါင် ၁၅၅ သန်းပမာဏကို ပေးချေပါက ဖြစ်လာဖွယ်ရာရှိနေသည်။

ငြိမ်းပြည့်