News

POST TYPE

LATEST NEWS POST

မြစ်သာမြစ်ကြောင်းလွှဲခြင်းနှင့် ကမ်းပြိုထိန်းသိမ်းရေးလုပ်ငန်း ကိုယ်ထူကိုယ်ထဆောင်ရွက်၊ တိုင်းအစိုးရက ကျပ် ၄၈ သန်းကျော် ထောက်ပံ့
05-Jun-2020


ချောက် ၊ ဇွန် ၄

မြစ်သာမြစ်ရေတိုက်စားသဖြင့် မြစ်ကမ်းပါးပြိုကျမှုအန္တရာယ်မှ ကာကွယ်နိုင်ရေးအတွက် ဂန့်ဂေါမြို့နယ်ကန်ရွာတွင် မြစ်သာမြစ်ကြောင်းလွှဲခြင်းနှင့် ကမ်းပြိုထိန်းသိမ်းရေးလုပ်ငန်းတို့ကို ဒေသခံရွာသားများက ကိုယ်ထူကိုယ်ထဆောင်ရွက်လျက်ရှိပြီး မကွေးတိုင်းအစိုးရအဖွဲ့က နည်းပညာနှင့် ကျပ် ၄၈ သန်းကျော် ထောက်ပံ့ပေးခဲ့သည်ဟု မကွေးတိုင်း ဆောက်လုပ်ရေး၊ ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဦးတင်နွယ်ဦးက ပြောကြားသည်။

"ဘတ်ဂျက်နဲ့ လုပ်တာမဟုတ်ဘူး။ သူတို့ဖွံ့ဖြိုးရေးအတွက်လုပ်တာ။ ရွာကဦးဆောင်ပြီး လုပ်တာလေ။ ဒီဇိုင်းကတော့ ကျွန်တော်တို့ ဒီဘက်ကပေးလိုက်တာ။ ကျွန်တော်တို့က ပိုနေတဲ့ ပိုက်ဆံနည်းနည်းလေး ပေးလိုက်တာ။ ကျန်တဲ့လုပ်အားတွေက ရွာကလုပ်ကြတာပါ။ ကျွန်တော်တို့က လုပ်လို့ကိုင်လို့ရအောင် နည်းလမ်းလေးပေးရအောင်ဌာနက ကျွမ်းကျင်တဲ့လူထား ပေးလိုက်တာပေါ့။ ရွာက ကိုယ်ထူကိုယ်ထ လုပ်ကြတာ"ဟု ဝန်ကြီးကရှင်းပြသည်။

မကွေးတိုင်းအစိုးရအဖွဲ့က ဒီဇိုင်းနှင့်နည်းပညာ၊ သံချောင်းများ၊ တိုင်းအစိုးရပိုလျှံငွေမှ ကျပ် ၄၈ ဒသမ ဝ၁ သန်း ကူညီထောက်ပံ့ခဲ့ခြင်းဖြစ်သည်။

"မြစ်ကြောင်းထိန်းသိမ်းရေးလုပ်ငန်းတွေကတော့ အစိုးရကလည်း ဘတ်ဂျက်အများကြီး သုံးဖို့မလွယ်ဘူး။ သုံးတော့သုံးတယ်။ ဟိုအရင်တုန်းကထက်စာရင် နည်းနည်းလေးပဲသုံးတယ်။ ရွာတွေကနေ အသိစိတ်လေးဝင်ပြီးတော့ အစိုးရက ထိုက်သင့်တဲ့ ရန်ပုံငွေလေးချပေး။ နည်းပညာလည်းပေး။ ပြည်သူက ပူးပေါင်းဆောင်ရွက်ရင် အောင်မြင်တယ်။ ကျွန်တော်တို့လက်ထက်မှာ အဲဒီလုပ်ငန်းတစ်ခု တော်တော်လေးသဘောကျတယ်။ တင်ဒါတွေ ဘာတွေပစ်မယ်ဆိုရင် သန်းနှစ်ရာ ကျော်လောက်မှဖြစ်မယ့်ကိစ္စမျိုး။ ခုကျတော့ ကျပ် ၄၈ ဒသမ ဝ၁ သန်းနဲ့ ပြီးသွားတာ။ အစိုးရမှာ ဘတ်ဂျက်မရှိတဲ့အချိန် အခါမျိုး ဂန့်ဂေါမြို့က ကန်ရွာလိုမျိုး အစိုးရ၊ ဌာန၊ ပြည်သူတွေနဲ့ ပူးပေါင်းဆောင်ရွက် ရတော့ တော်တော်လေးကောင်းတယ်ဗျ။ အောင်လည်းအောင်မြင်တယ်။ ကျွန်တော်တို့က ကျေနပ်တာပေါ့" ဟု ဝန်ကြီးဦးတင်နွယ်ဦးက ထပ်မံပြောဆိုသွားသည်။

ယခင်နှစ်ကလည်း ငဖဲမြို့မန်းချောင်းတွင် ကျေးရွာကော်မတီနှင့်ပူးပေါင်းပြီး မန်းချောင်းကမ်းပါးပြို ကာကွယ်ရေးလုပ်ငန်းတစ်ခုကို တိုင်းအစိုးရက ကျပ်သန်း ၈၀ ထောက်ပံ့မှုနှင့်ကျေးရွာမှ ကိုယ်ထူကိုယ်ထ ဆောင်ရွက်ခဲ့ဖူးသည်။

ဂန့်ဂေါမြို့ ကန်ကျေးရွာကို အဓိကတိုက်စားနေသော မြစ်သာမြစ်ကြောင်းနေရာကို တာပေါင်ရိုးထု ပေ ၄၀ ခန့်နှင့် အမြင့် ၁၂ ပေခန့်တို့ဖြင့် ပိတ်ထားကာ ယင်းတာပေါင်ဘေးမှ ပင်မတူးမြောင်းကို ထိပ်ဝအကျယ် ပေနှစ်ရာ၊ မြောင်းအောက်ပိုင်း အကျယ် ပေတစ်ရာခန့်နှင့် မြောင်းအရှည် ပေသုံးထောင်ရှိသော မြစ်ကြောင်းလွှဲခြင်းလုပ်ငန်း၊ မြစ်သာမြစ်ကြောင်းပြုပြင်ခြင်းတို့ကို မေလ ၆ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ရာ ဇွန်လ ၄ ရက်နေ့အထိ လုပ်ငန်းပြီးစီးမှု ၈၀ ရာခိုင်နှုန်းရှိပြီဖြစ်ကြောင်း ကန်ကျေးရွာအုပ်ချုပ်ရေးမှူး  ဦးတင်ဇော်မင်းက ပြောဆိုသည်။

"‌ကျောက်ကြီးတွေကို သံခြင်းကြီးထဲထည့်ပြီးတဲ့အထိ ကျေးရွာက တာဝန်ယူဆောင်ရွက်တာ။ သံခြင်းကြီး ၁၈ ခြင်း ထောက်ပံ့ပေးတယ်။ သံခြင်းကြီး ၃၀ လောက်ရှိပြီး ရွာထဲမှာရှိတဲ့ ဖောကားတွေကို အကူအညီတောင်းတယ်။ ရွာထဲက လူတွေအလှည့်ကျကူညီပေးတယ်။ အဓိက ကျောက်ကြီးကျင်းငါးရာလောက်ကို ရွာကကူညီထားတယ်။ လိုအပ်ရင် ကျောက်ကြီးကတော့ ရွာကတာဝန်ယူကူညီမှာ။ ရွာက  တစ်သိန်း၊ နှစ်သိန်းအစပေါ့ စုစုပေါင်း အလှူငွေ ကျပ်သိန်း ၈၀ လောက်ရှိပြီး  ဆောက်လုပ်ရေးက ဘက်ဖိုးတစ်စီး၊ ကျေးလက်ဌာနက ဘက်ဖိုးတစ်စီး၊ မြန်မာ့သစ်လုပ်ငန်းက ဒိုဆာတစ်စီး ကူညီပေးတယ်"ဟု ၎င်းကရှင်းပြသည်။

မြစ်သာမြစ်ရေသည် ကန်ကျေးရွာတွင် ၁၉၉၅ ခုနှစ်မှစတင်ကာ မြစ်ကမ်းပါး တိုက်စားလာသဖြင့် ယင်းကျေးရွာရှိ လယ်၊ ယာမြေဧက တစ်ရာကျော်နှင့် အိမ်‌ခြေ ၆၀ ခန့် မြစ်ကမ်းပါးပြိုကျမှုဒဏ်ခံခဲ့ရပြီး ရွှေ့ပြောင်းနေထိုင်ခဲ့ရကြောင်း၊ လက်ရှိတွင် ယင်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း ရေတိုက်စားခံနေရပြီး ဆေးရုံ၊ ဆေးရုံ ဝန်ထမ်းအဆောက်အအုံများ၊ သာသနိက အဆောက်အအုံများနှင့် နီးကပ်လာနေသောကြောင့် တိုင်းအစိုးရအဖွဲ့၏ ကူညီထောက်ပံ့ပေးမှုနှင့်အတူ ကျေးရွာဒေသခံ များပူးပေါင်းကာ ကိုယ်ထူကိုယ်ထ ဆောင်ရွက်ခြင်းဖြစ်သည်ဟု ကန်ကျေးရွာအုပ်ချုပ် ရေးမှူး ဦးတင်ဇော်မင်းက ထပ်မံပြောဆိုသည်။           

R-11