News

POST TYPE

LATEST NEWS POST

မင်းရာဇာအမှုကို မြောက်ဥက္ကလာပတရားရုံးမှ အရှေ့ပိုင်းခရိုင် တရားရုံးသို့ ပြောင်းလဲစစ်ဆေးမည်
05-Jun-2020


ရန်ကုန်၊ ဇွန် ၄

အိမ်အကူမလေးကို အက်စစ်ဖြင့်ပက်သည့် မင်းရာဇာပါ (၃)ဦးအား ဇွန်လ ၄ ရက်နေ့ နံနက်ပိုင်းက မြောက်ဥက္ကလာပတရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ရာ ယင်းအမှုကို အရှေ့ပိုင်းခရိုင်တရားရုံးသို့ ပြောင်းလဲစစ်ဆေးရန် စာပေးပို့ထားကြောင်း သိရသည်။

"အရှေ့ပိုင်းခရိုင်တရားရုံးက အမှုတွဲတွေတောင်းလို့ ပို့ပေးထားပါတယ်။ ခရိုင်ကနေ ဆက်စစ်မှာပါ" ဟု မြို့နယ်တရားသူကြီး ဦးဇေယျာဦးက ပြောသည်။

မြောက်ဥက္ကလာပ တရားရုံးမှလက်ခံစစ်ဆေးနေသော သရုပ်ဆောင်မင်းရာဇာပါ လေးဦး၏ အမှုတွဲအမှတ် ၁၀၈၁ နှင့် ၁၀၈၂ နှစ်မှုလုံးကို အရှေ့ပိုင်းခရိုင် အမှုစစ်တရားသူကြီးက ရာဇဝတ်စီရင်ခွင့် အမှတ် ၃၄/၃၅ ဖြင့်တောင်းခံ၍ ပေးပို့ထားကြောင်း ၎င်းက ပြောသည်။

ယနေ့ရုံးချိန်းတွင် မင်းရာဇာပါ (၃)ဦးမှာ တရားခွင်သို့ လာရောက်ခဲ့သော်လည်း အာမခံဖြင့်အမှုရင်ဆိုင်နေသည့် ဦးမောင်မောင်အေးမှာ မြောက်ဥက္ကလာပဆေးရုံတွင် ဆေးကုသမှုခံယူနေသဖြင့် ခွင့်တင်ခဲ့ကြောင်း မြို့နယ်တရားသူကြီး ဦးဇေယျာဦးက ရှင်းပြသည်။

မြောက်ဥက္ကလာပတရားရုံးမှ အမှုတွဲနှစ်ခုလုံးကို မေလ ၂၁ ရက်နေ့တွင် အရှေ့ပိုင်းခရိုင် တရားရုံးသို့ပေးပို့ခဲ့ပြီး နောက်ရုံးချိန်းကိုမူ ဇွန်လ ၁၁ ရက်သို့ ပြန်လည်ချိန်းဆိုခဲ့ကြောင်း ၎င်းကပြောသည်။

သရုပ်ဆောင်မင်းရာဇာပါ လေးဦးသည် အိမ်အကူမလေးကို အက်စစ်ဖြင့်ပက်သည့်ကိစ္စနှင့် ပတ်သက်ပြီး မိခင်ဖြစ်သူက ဧပြီလ ၇ ရက်နေ့တွင် ရွှေပေါက်ကံရဲစခန်းနှင့် တာမွေရဲစခန်းတို့တွင် အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။

J-01