News

POST TYPE

LATEST NEWS POST

မြန်မာ့ရေပိုင်နက်အတွင်း ပင်လယ်ကူးသင်္ဘောသား လဲလှယ်ခြင်း ဇွန် ၉ ရက်စမည်
05-Jun-2020
ရန်ကုန်၊ ဇွန် ၄

မြန်မာ့ရေပိုင်နက် ကော့သောင်းမြို့ဆိပ်ကမ်း ဧရိယာအပြင်ဘက်ပင်လယ်ပြင်၌ စာချုပ်သက်တမ်းကျော်လွန်ကာ နေရပ်ပြန်ရန် စောင့်ဆိုင်းနေသည့် မြန်မာသင်္ဘောသားများ Crew Change ပြုလုပ်ခြင်းကို ဇွန်လ ၉ ရက်နေ့တွင် စတင်မည်ဖြစ်ကြောင်း MTM Maritime Center ထံမှသိရသည်။

"ဒီနေ့ပဲ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက သင်္ဘောသားများလဲလှယ်ခြင်း Crew Change ပြုလုပ်ဖို့ကို ခွင့်ပြုလိုက်ပြီ။  Crew Change ပြုလုပ်မယ့်အဖွဲ့က ဇွန် ၈ ရက်မှာပဲ ကော့သောင်းမြို့ကိုသွားမယ်။ ရာသီဥတု အခြေအနေကောင်းမွန်တယ်ဆိုရင် သင်္ဘောအတက်၊ အဆင်းလူစားလဲ ဆောင်ရွက်မယ့် Crew Change စာရင်းအတိုင်းပြုလုပ်ဖို့ အဆင်ပြေမှာဖြစ်ပါတယ်" ဟု ကပ္ပတိန် သန်းနိုင်ထွန်းက ရှင်းပြသည်။

မြန်မာ့ရေပိုင်နက် ကော့သောင်းမြို့ ဆိပ်ကမ်းဧရိယာအပြင်ဘက် ပင်လယ်ပြင်၌ ဦးတည်ခုတ်မောင်းရောက်ရှိလာမည့် ပင်လယ်ကူးသင်္ဘော ၄ စင်းရှိရာ ဇွန်လ ၉ ရက်တွင် သင်္ဘောသား ၈ ဦး၊ ဇွန်လ ၁၂ ရက်တွင် သင်္ဘောသား ၁၂ ဦး၊ ဇွန်လ ၁၅ ရက်တွင် သင်္ဘောသား ၁၀ ဦးနှင့် ဇွန်လ ၂၀ ရက်တွင် သင်္ဘောသား ၁၀ ဦးတို့ဖြင့် စုစုပေါင်း ၄၀ ဦးကို သင်္ဘောသားများ လဲလှယ်ခြင်း (Crew Change) ပြုလုပ်ရန်ဆောင်ရွက်မည်ဖြစ်သည်။

အဆိုပါကိစ္စရပ်များအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပို့ ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် နှင့် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်မည်ဖြစ်သည်။

Covid-19 ကာကွယ်တားဆီးရေး အစီအမံများနှင့်ပတ်သက်၍ ကမ္ဘာ့နိုင်ငံအသီးသီးက အရေးပေါ်ဥပဒေများကို ထုတ်ပြန်လာကြပြီး အပြည်ပြည်ဆိုင်ရာ သင်္ဘောများတစ်နိုင်ငံမှတစ်နိုင်ငံသို့ ဝင်ထွက်သွားလာခြင်းလုပ်ငန်းများအား ကန့်သတ်မှုများ ပြုလုပ်လာကာ လေကြောင်း လိုင်းခရီးစဉ်များ ရပ်ဆိုင်းခြင်းနှင့် လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများအား ပိုမိုတင်းကျပ်စွာ ဆောင်ရွက်လာကြသောကြောင့် သင်္ဘောသားများလဲလှယ်ခြင်း (Crew Change) အခွင့်အလမ်း လွန်စွာနည်းပါးခဲ့ခြင်းဖြစ်သည်။

ထိုကြောင့် လက်ရှိတွင် MTM Maritime Centre က သက်ဆိုင်ရာဝန်ကြီးဌာနများကို အကူအညီတောင်းခံ၍ မြန်မာနိုင်ငံတောင်ဘက် မလက္ကာ ရေလက်ကြားမှ ဖြတ်သန်းသွားရမည့် ခရီးစဉ်များကို ဦးတည်ခုတ်မောင်းနေသော တန်ချိန်နှစ်သောင်းဝန်းကျင်ရှိ MTM AMAZON Tanker ပင်လယ်ကူးသင်္ဘောကို မူလလမ်းကြောင်းမှ မြန်မာ့ရေပိုင်နက်အတွင်းသို့ ဝင်ရောက်စေကာ ကော့သောင်းမြို့ ဆိပ်ကမ်းဧရိယာ အပြင်ဘက်ပင်လယ်ပြင်၌ ကျောက်ဆူးချရပ်နားစေခဲ့ပြီး နေရပ်ပြန်လိုသည့် မြန်မာသင်္ဘောသားများနှင့် သင်္ဘောပေါ်တာဝန်ထမ်းဆောင်ကြမည့် မြန်မာသင်္ဘောသား အရာရှိများကို လဲလှယ်မည်ဖြစ်ကြောင်း MTM Maritime Centre ထံမှ သိရသည်။

J-03