News

POST TYPE

LATEST NEWS POST

နှစ်လကျော်ကြာပိတ်ထားသည့် ကညနရုံးများ ဇွန်လ ၈ ရက်နေ့ ပြန်ဖွင့်လှစ်မည်
04-Jun-2020
ရန်ကုန်၊ဇွန်-၄

ကိုရိုနာဗိုင်းရပ်စ် (COVID-19)ကြောင့် ၂လကျော်ကြာ ခေတ္တပိတ်ထားသည့် ကညနရုံးများကို ဇွန်လ ၈ ရက်နေ့မှစတင်ကာ ပြန်လည်ဖွင့်လှစ်ပြီး ဝန်ဆောင်မှုလုပ်ငန်းများကို ပြန်လည်လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန တိုင်းဦးစီးမှူး ဦးသိန်းထွဋ်က ပြောကြားသည်။

အဆိုပါကညနရုံးများတွင် ဇွန်လ ၈ ရက်နေ့မှစတင်ကာ ခေတ္တရပ်ဆိုင်းထားသော ဝန်ဆောင်မှုလုပ်ငန်းများဖြစ်သည့် ယာဉ်မှတ်ပုံတင်လုပ်ငန်းများ၊ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးလုပ်ငန်းများနှင့်လုပ်ငန်းလိုင်စင် လုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အွန်လိုင်းဘိုကင်တင်ခြင်းကို ဇွန်လ ၅ ရက်နေ့မှစကာတင်နိုင်ပြီဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

“ယာဉ်မောင်းလိုင်စင် အသစ်ဖြေဆိုတာတော့ မပါသေးဘူး။သတ်မှတ်ဒဏ်ကြေးတွေကိုတော့ သတ်မှတ်တဲ့ နှစ်လလောက်အထိ ကင်းလွတ်ခွင့်ပေးမယ်။အဲဒီနှစ်လအတွင်းလုပ်ရမယ်။ရန်ကုန်တိုင်းနဲ့မန္တလေးတိုင်းက ကားတွေများတဲ့အတွက် စနေနေ့ပါရုံးဖွင့်လှစ်ဆောင်ရွက်မယ်”ဟု ၎င်းကဆိုသည်။

ကညနရုံးသို့ လာရောက်ပါက ကားတစ်စီးလျှင် ကားနေရာရွှေ့ရန် ယာဉ်မောင်း ၁ ဦးနှင့်ရုံးကိစ္စ ကူညီဆောင်ရွက်ရန်အဖော် ၁ ဦး စုစုပေါင်း ၂ ဦးတည်းကို ဝင်ခွင့်ပြုမည်ဖြစ်ပြီး ရုံးဝင်းအတွင်းသို့ မဝင်မီလိုအပ်သော စာရွက်စာတမ်းများ စုံလင်အောင် ယူဆောင်လာရန်လိုအပ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

ကညန ရုံးများပြန်လည်ဖွင့်လှစ်ပါက ကားလိုင်စင်သက်တမ်းတိုးခြင်းအတွက် တစ်ရက်လျှင် အချိန်ပိုင်း ၄ ခု သတ်မှတ်ဆောင်ရွက်မည်ဖြစ်ပြီး အကြွေးကျန်ခဲ့သည့် ယာဉ်များအတွက် နံနက်ပိုင်း ၈ နာရီခွဲအချိန်မှစ၍ ရုံးအချိန်ကို စောဖွင့်ပေးကာ အချိန်ပို ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

COVID-19 ရောဂါဖြစ်ပွားနေသည့် ကာလတွင် ကညနရုံးများ ၂ လကျော် ပိတ်ထားရပြီး ရုံးပိတ်သည့်ကာလ၌ သက်တမ်းကျော်လွန်သည့် ယာဉ်အစီးရေမှာ ၃ သောင်းကျော်ထိ ရှိမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

S-05