News

POST TYPE

LATEST NEWS POST

မူဆယ်တွင် ကိုဗစ်ကူးခံရသည့် ကျန်မားရေးမှူးနှင့်ထိတွေ့ခဲ့သူ ၄၁ ဦးကို ဓါတ်ခွဲနမူနာများရယူစစ်ဆေးမည်
04-Jun-2020
ရန်ကုန်၊ ဇွန် ၄

ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာဖြစ်သည့် လူနာအမှတ် ၂၃၁ (ကျန်းမာရေးမှူး)နှင့် ထိတွေ့ဆက်စက်ခဲ့သူ အရေအတွက်မှာ ၄၁ ဦးရှိပြီး ၎င်းတို့အားလုံးကို ဓါတ်ခွဲနမူနာများရယူစစ်ဆေးမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စီမံ ၊ ဘဏ္ဍာဝန်ကြီး ဦးစိုးညွှန့်လွင်ကပြောကြားသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဇွန်လ ၂ ရက်နေ့ ညရှစ်နာရီအချိန်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၄ဦးထပ်မံတွေ့ရှိကြောင်းကြေညာခဲ့ရာ ၎င်းတို့အနက် လူနာအမှတ် ၂၃၁ မှာ ပြည်ပခရီးသွားရာဇဝင်မရှိသလို၊ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာများနှင့် ထိတွေ့မှုရှိခဲ့သူလည်းမဟုတ်သလို အသွားအလာကန့်သတ်ထားသူလည်း မဟုတ်ကြောင်းကြေညာခဲ့သည်။

လူနာအမှတ် - ၂၃၁ သည်မုံးပေါ်ကျေးလက်ကျန်းမာရေးဌာနမှူးဖြစ်ပြီး မူဆယ်မြို့၊ဟိုမွန်ရပ်ကွက်တွင်နေထိုင်သူဖြစ်ကာ မေလ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင်မူ ဆယ်မြို့ပြည်သူ့ဆေးရုံကြီးတွင်လစာထုတ်အစည်းအဝေး တက်ရောက်ရန်လာရောက်စဉ် ခရိုင်ဆေးရုံအုပ်ကြီးက ကျန်မာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်အရကျန်းမာရေးဝန်ထမ်းအားလုံး ဓါတ်ခွဲနမှုနာပေးပို့ပြီးဆေးစစ်ခိုင်းရာမှ အတည်ပြုလူနာအဖြစ် တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း ဝန်ကြီးဦးစိုးညွှန့်လွင်က ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားထားသည်။

အဆိုပါအတည်ပြုလူနာနှင့် ထိတွေ့ခဲ့သူအရေအတွက်မှာ ၄၁ ဦးရှိပြီး ယခုအခါယင်းတို့အားလုံး၏ ဓါတ်ခွဲနမူနာများရယူထားပြီး NHL သို့ပေးပို့သွားမည်ဖြစ်ကာ ၄၁ ဦးလုံးကိုလည်း သီးခြားကန့်သတ်မှုများပြုလုပ်ထားပြီးဖြစ်သည်။

ယင်းအပြင် လူနာအမှတ် ၂၃၁ သည် မူဆယ်မြို့နေအိမ်သို့သွားရောက်နေထိုင်ခဲ့သည့်အတွက် ထိတွေ့ဆက်စပ်မှုများရှိခဲ့သည့် မိသားစုဝင်များကို ခြေရာကောက်ဖော်ထုတ်ကာ ဓါတ်ခွဲနမူနာရယူစစ်ဆေးသွားမည်ဖြစ်ပြီး နေထိုင်ရာလမ်းကိုလည်း Lockdown ချ၍သက်ဆိုင်ရာ အဖွဲ့အစည်းများက စောင့်ကြပ်ကြည့်ရှုနေကြောင်း ဦးစိုးညွှန့်လွင်က ပြောကြားသည်။

ဦးစိုးညွှန့်လွင်၏ပြောကြားချက်အရ မေလ ၁၁ ရက်နေ့မှ ၁၅ရက်နေ့အထိ မူဆယ်မြို့ပေါ်တွင်ရှိနေပြီး မေလ ၁၂ ရက်နေ့၊ ၁၃ ရက်နေ့၊ ၁၄ ရက်နေ့များတွင် မူဆယ်မြို့ဟိုမွန်ရပ်ကွက်၊မြောက်ရပ်ကွက်တို့တွင် မိုးရာသီသွေးလွန်၊ တုပ်ကွေးကာကွယ်ဆေးလိုက်ခတ်ပေးခဲ့ခြင်း မေလ ၁၆ ရက်နေ့တွင် မုံးပေါ်သို့ပြန်သွားကာ ၁၈ ရက်နေ့တွင် လရှက်ရွာရှိ တရုတ်နိုင်ငံ ရွှေလီမြို့မှပြန်လည်ရောက်ကာ နေအိမ်အသွားအလာကန့်သတ်ထားသူတစ်ဦးအား ဆေးကုသမှုပေးခဲ့ခြင်း၊ ၂၀ ရက်နေ့တွင် မုံးပေါ်ရှိရပ်ကွက်(၄)တွင်သွေးလွန်တုပ်ကွေးဆေးခတ်မှုများပြုလုပ်ခဲ့သလို  မူဆယ်မြို့သို့ရောက်ရှိစဉ်ကာလ မေလ ၃၁ ရက်နေ့တွင် ၁၀၅ မိုင်ကုန်သွယ်ရေးစခန်းတွင် ကုန်တင်ကားသမားများကို ထမင်းထုတ်ဝေငှရာတွင်လည်း ပါဝင်ထားသည်။

လတ်တလောတွင် ၎င်းလှုပ်ရှားခဲ့သော CCTV မှတ်တမ်းများကို ပြန်လည်ကြည့်ရှုစစ်ဆေးပြီး ထိတွေ့ခဲ့သူများကို ဖော်ထုတ်နေဆဲဖြစ်သည်။

S-09