News

POST TYPE

LATEST NEWS POST

စည်းကမ်းမလိုက်နာသည့် သမ္ဗန်ယာဉ်မောင်းများကို အရေးယူမည်
04-Jun-2020


ရန်ကုန်၊ ဇွန် ၄ 

မိုးဦးကာလလိုက်နာရန် ထုတ်ပြန်ထားသည့် စည်းကမ်းများနှင့် ကိုရိုနာဗိုင်းရပ်စ်(Covid-19)ကာကွယ်ရန်အတွက် ထုတ်ပြန်ထားသည့် စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ခြင်းမရှိသည့် သမ္ဗန်ယာဉ်မောင်းများကို ဖမ်းဆီးအရေးယူမည်ဖြစ်ကြောင်း အမှတ် (၃)ရေကြောင်းရဲတပ်ဖွဲ့ခွဲမှူး ရဲမှူးမင်းနိုင်ဦးက ပြောကြားသည်။

ဇွန်လ ၄ ရက်နေ့နံနက်ပိုင်းက ဗိုလ်တထောင်သမ္ဗန်ဆိပ်နှင့်ပန်းဆိုးတန်း နန်းသီတာ သမ္ဗန်ဆိပ်တို့တွင် ခရီးသည်များအား Covid-19 ကာကွယ်ခြင်းနှင့် ပတ်သက်၍ အသိပညာပေးခြင်း၊ Covid-19 ကာကွယ်ရေးသုံး နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းနှင့် သမ္ဗန်စီးခရီးသည်များ၊ ရေယာဉ်မောင်းများ သတိပြုလိုက်နာရမည့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း ဆောင်ရွက်စဉ် မီဒီယာများ၏မေးမြန်းချက်ကို အထက်ပါအတိုင်း ပြန်လည်ဖြေဆိုခဲ့ခြင်းဖြစ်သည်။

"မကြာခဏ အသိပေးတာတွေ၊ ပညာပေးတာတွေ၊ နှိုးဆော်တာတွေလုပ်တယ်။ အခုဆိုရင်လည်း Covid-19 ကာလဖြစ်နေလို့ Mask တပ်ပါဆိုပြီး အသိပညာပေးတာတွေလုပ်တယ်။ ပညာပေးကာလကုန်သွားပြီ။ ဖမ်းဆီးအရေးယူတာတွေ လုပ်တော့မယ်။ အခုချိန်အထိတော့ အရေးယူခဲ့တာတွေ မရှိသေးဘူး" ဟု ရဲမှူးမင်းနိုင်ဦးကဆိုသည်။

သမ္ဗန်ယာဉ်မောင်းများအနေနှင့် ဆိပ်ကမ်းမှမထွက်ခွာမီ ကူးတို့လိုင်စင်ပါ၊ မပါ၊ စက်ကောင်းမွန်မှုရှိ၊ မရှိ သတ်မှတ်ထားသော ခရီးသည်ဦးရေနှင့်ညီမျှသော အသက်ကယ်ဝတ်စုံ ရှိ၊ မရှိ စစ်ဆေးရန်လိုအပ်ပြီး ရာသီဥတုဆိုးပါက အနီးဆုံးဆိပ်ကမ်းတွင် ဆိုက်ကပ်ထားပြီး စောင့်ဆိုင်းနေရန်၊ သမ္ဗန်အချင်းချင်း တစ်စင်းနှင့်တစ်စင်း ပြိုင်ဆိုင်မောင်းခြင်းမပြုရန်၊ ညပိုင်းအချိန်တွင် ပဲ့ဦးပိုင်း၌ အဖြူရောင်မီးတစ်ပွင့် ထွန်းထားရန်နှင့်ခရီးသည်များ အတက်အဆင်းပြုလုပ်ရာတွင် ဘေးကင်းစေရန် ကူညီဆောင်ရွက်ပေးရမည်ဟု ထုတ်ပြန်ထားသည်။

"တချို့ခရီးသည်တွေက Mask ဝယ်တပ်ဖို့ ငွေကြေးမတတ်နိုင်တာတွေရှိတယ်။ အဲဒါကြောင့် အခုလို Mask တွေကို အခမဲ့ ဝေငှပေးတာပါ။ မေ ၂၈ ရက်ကတည်းကနေ စလုပ်နေတာ။ ဒီနေ့ဆိုရင် အခုမနက်ပိုင်းက ဗိုလ်တထောင်ဆိပ်နဲ့ နန်းသီတာဆိပ်ပဲ လုပ်နိုင်တယ်။ ညနေပိုင်းကျရင် ဝါးတန်းဆိပ်မှာ ဆက်လက်ဝေငှသွားဖို့ရှိပါတယ်။ နောက်ရက်တွေမှာ နောက်ထပ်ဆိပ်ကမ်းတွေမှာ ဆက်လုပ်သွားဖို့ရှိပါတယ်" ဟု ရဲမှူးမင်းနိုင်ဦးက ရှင်းပြသည်။

ဒလမြို့နယ်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်နှင့် ရန်ကုန်မြို့တွင်းသို့ ပြေးဆွဲပေးသည့် သမ္ဗန်ဆိပ် ၁၁ ဆိပ်ရှိပြီး နေ့စဉ်ခရီးသွားပြည်သူ သုံးသောင်းခန့် ကူးလူးသွားလာနေကြောင်း အမှတ်(၃)ရေကြောင်းရဲတပ်ဖွဲ့ထံမှ သိရသည်။ 

S -08