News

POST TYPE

LATEST NEWS POST

သြစတြေးလျနိုင်ငံနှင့် နယူးဇီလန်နိုင်ငံတို့မှမြန်မာနိုင်ငံသား ၈၃ ဦးကို ဆက်လက်ခေါ်ဆောင်
01-Jun-2020
ရန်ကုန်၊ ဇွန် ၁

သြစတြေးလျနိုင်ငံနှင့် နယူးဇီလန်နိုင်ငံတို့တွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၈၃ ဦးကို ကယ်ဆယ်ရေးလေယာဉ်ဖြင့် ဇွန်လ ၁ ရက်နေ့တွင် ပြန်လည်ခေါ်ဆောင်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

နိုင်ငံတကာခရီးသည်တင်လေယာဉ်များ ပျံသန်းမှုယာယီရပ်ဆိုင်းထားခြင်းကြောင့် သြစတြေးလျနိုင်ငံနှင့် နယူးဇီလန်နိုင်ငံတို့တွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၈၃) ဦးအား မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်း Myanmar Airways International (MAI) အထူးကယ်ဆယ်ရေးလေယာဉ် 8M-1003 ဖြင့် ဇွန် ၁ ရက်တွင် သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

မေ ၃၁ ရက်နေ့ကလည်း စင်ကာပူနိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၁၅၁) ဦးအား မြန်မာအမျိုးသားလေကြောင်းလိုင်း (Myanmar National Airlines-MNA) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ဆဋ္ဌမအသုတ်အဖြစ် ပြန်လည်ခေါ်ဆောင်ခဲ့ရာ စင်္ကာပူနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့်အရေအတွက်မှာ စုစုပေါင်း ၈၇၃ ဦးအထိ ရောက်ရှိလာပြီဖြစ်သည်။

မေလ ၂၉ ရက်နေ့တွင် ကိုရီးယားသမ္မတနိုင်ငံမှ မြန်မာနိုင်ငံသား(၅၂)ဦးနှင့် ကနေဒါ၊ ဂျာမနီ၊ နော်ဝေ၊ ကာတာ၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ အမေရိကန် ပြည်ထောင်စု၊ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသတို့မှ မြန်မာနိုင်ငံသား (၄၂) ဦး စုစုပေါင်း (၉၄) ဦးတို့အား ဆက်လက်ခေါ်ဆောင်ခဲ့ရာ မြန်မာအစိုးရအနေဖြင့် ပြည်ပနိုင်ငံများတွင် ရောက်ရှိပိတ်မိနေသည့် မြန်မာနိုင်ငံသားစုစုပေါင်း (၂,၅၉၆) ဦးအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ပေးခဲ့သည်။

အဆိုပါနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသူများကို သီးခြားကန့်သတ်ထားရှိသည့်နေရာများတွင် ၂၁ ရက် စောင့်ကြည့်မှုများပြုလုပ်မည်ဖြစ်ပြီး ဇွန်လ ၁ ရက်နေ့အထိ ဓါတ်ခွဲနမူနာရယူစစ်ဆေးခဲ့သူများအနက် အိန္ဒိယနိုင်ငံမှပြန်လာသူ ၂၁ ဦး၊ မလေးရှားနိုင်ငံမှပြန်လာသူ ၁၁ ဦး၊ ယူအေအီးနိုင်ငံမှပြန်လာသူ ၈ ဦး၊အီတလီနိုင်ငံမှပြန်လာသူ ၁ ဦးတို့တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသည်။

ယင်းအတွက်ကြောင့် ပြည်ပမှပြန်လာသူများအနေဖြင့် အသွားအလာကန့်သတ်ခံထားရသည့်အချိန်တွင် သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို တိတိကျကျလိုက်နာရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းထားသည်။

S-09