News

POST TYPE

LATEST NEWS POST

ဟောင်ကောင်ဆိုင်ရာ ထရမ့်၏မှတ်ချက်စကားကို ဟောင်ကောင်အစိုးရနှင့် တရုတ်နိုင်ငံပိုင်မီဒီယာတို့ ပြင်းထန်စွာရှုတ်ချ
01-Jun-2020


ဟောင်ကောင်၊ မေ ၃၁

တရုတ်ပြည်မကြီးကသာ ဟောင်ကောင်အပေါ် အငြင်းပွားဖွယ် အမျိုးသား လုံခြုံရေးဥပဒေကို သတ်မှတ်ပြဋ္ဌာန်းမည်ဆိုပါက ဟောင်ကောင်ကို လွတ်လပ်သော နယ်မြေအဖြစ် အထူးအခွင့်အရေးပေး သတ်မှတ်ထားမှုအား အမေရိကန် ပြည်ထောင်စုအနေနှင့် ရုပ်သိမ်းသွားမည်ဖြစ်သည်ဟု သမ္မတဒေါ်နယ်ထရမ့်၏ ပြောဆိုမှုအပေါ် ဟောင်ကောင်အစိုးရနှင့် တရုတ်နိုင်ငံပိုင်မီဒီယာတို့က ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။ 

ယခုလို သမ္မတထရမ့်၏ မှတ်ချက်စကားသည် တရုတ်နိုင်ငံထက် အမေရိကန် ပြည်ထောင်စုကိုသာ ပိုမိုထိခိုက်စေမည်ဖြစ်ကြောင်း တရုတ်နိုင်ငံပိုင်မီဒီယာက ဆိုသည်။ 

“အမေရိကန်ပြည်ထောင်စု၏ ဒဏ်ခတ်အရေးယူမည်ဆိုသောကိစ္စသည် ဟောင်ကောင်နှင့် တရုတ်နိုင်ငံတို့ကို ဒုက္ခ ရောက်စေမည်မဟုတ်ပေ။ အမေရိကကိုသာ အမှန်တကယ်ဒုက္ခရောက်စေမည် ဖြစ်သည်။ တရုတ်နိုင်ငံသည် အဆိုးဆုံးအတွက် ပြင်ဆင်ထားပြီးဖြစ်သည်” ဟု တရုတ်ကွန်မြူနစ်ပါတီအာဘော် Global Times သတင်းစာက ဖော်ပြသည်။ 

ဟောင်ကောင်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူကမူ အမေရိကန်ပြည်ထောင်စုသည် ဟောင်ကောင်၏ တရားဝင်ဖြစ်တည်ခွင့်နှင့် အချုပ်အခြာအာဏာတို့ကို အိုးမဲသုတ်ရုံသာမက ထိခိုက်နစ်နာအောင် လုပ်ဆောင်လျက်ရှိသည်ကိုတွေ့ရသောကြောင့် နောင်တရမိကြောင်း ထုတ်ဖော်ပြောကြားသည်။ 

အမေရိကန်ပြည်ထောင်စုအနေနှင့် ဟောင်ကောင်ကျွန်းအတွက် ကုန်သွယ်ရေးကိစ္စ၊ ခရီးသွားလာရေးကိစ္စတို့ နှင့်ပတ်သက်၍ ဦးစားပေးဆောင်ရွက်ပေး မှုများအားလုံးကို အဆုံးသတ်တော့မည်ဖြစ်ကြောင်း၊ ယင်းသို့လုပ်ဆောင်ရခြင်းမှာ တရုတ်ပြည်မကြီး၏ ဟောင်ကောင်ဆိုင်ရာ အမျိုးသားလုံခြုံရေးဥပဒေပြဋ္ဌာန်းခြင်းကို တုံ့ပြန်ခြင်းဖြစ်ကြောင်း သမ္မတဒေါ်နယ်ထရမ့်က ယမန်နေ့က ထုတ်ဖော်ကြေညာခဲ့သည်။ 

တရုတ်ပြည်မကြီးအစိုးရက ဟောင်ကောင်ကျွန်းအတွက် ရေးဆွဲပြဋ္ဌာန်းရန် ကြိုးပမ်းနေသည့် အမျိုးသားလုံခြုံရေး ဥပဒေကိစ္စသည် ကံဆိုးမိုးမှောင်ကျမှုသာ ဖြစ်သည်ဟု သမ္မတထရမ့်က ဆိုသည်။ 

မိမိအနေနှင့် ဟောင်ကောင်ကို တရုတ်နိုင်ငံနှင့် သီးခြားခွဲထွက်နေသော ကျွန်းတစ်ကျွန်းအဖြစ် ယခင်ကလိုရှုမြင်တော့မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ 

“တရုတ်နိုင်ငံက တစ်နိုင်ငံ စနစ်နှစ်မျိုးပုံစံကို တစ်နိုင်ငံ စနစ်တစ်မျိုးတည်းပုံစံနဲ့ အစားထိုးလိုက်တာပါပဲ” ဟု အိမ်ဖြူတော်ရှိ နှင်းဆီခြံတွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ သမ္မတဒေါ်နယ် ထရမ့်က ပြောကြားခဲ့သည်။ 

“ဒါဟာ ဟောင်ကောင်အတွက်တော့ တကယ့်ကို ဘေးဒုက္ခဆိုးကြီးကျရောက်မှုပါပဲ။ ဟောင်ကောင်ရဲ့လွတ်လပ်မှုကို တရုတ်ပြည်က အဆုံးသတ်ပစ်လိုက်တာပါ” ဟု ၎င်းကဆိုသည်။

F-01