News

POST TYPE

LATEST NEWS POST

အာဖရိကန်အမေရိကန်တစ်ဦး ရဲကြောင့်သေသွားသဖြင့် အမေရိကန်တစ်လွှား ဒေါသပေါက်ကွဲ အုံကြွ
31-May-2020
ဒေါသပေါက်ကွဲနေသော လူအုပ်ကြီးက ကားများကို မီးတင်ရှို့ကြသည်

မင်နီရာပိုလစ်စ်၊ မေ ၃၀

လက်နက်မဲ့ အာဖရိကန်အမေရိကန် အမျိုးသားတစ်ဦး ရဲအရာရှိများလက်တွင် သေဆုံးသွားခဲ့ရသဖြင့် မကျေနပ်၍ အမေရိကန်တစ်လွှားတွင် ပြည်သူများဒေါသပေါက်ကွဲ အုံကြွလျက်ရှိကြောင်း သတင်းများက ဖော်ပြထားသည်။

ရဲလက်အောက်တွင် သေဆုံးခဲ့ရသူ ဂျော့ဖလွိုက်၏ သေဆုံးမှုအပေါ် ဖျက်လိုဖျက်ဆီးလုပ်ရပ်များအဖြစ် ပုံစံပြောင်း ဖန်တီးလျက်ရှိကြောင်း မင်နီဆိုတာပြည်နယ်အစိုးရက ထုတ်ဖော်ပြောကြားထားသည်။ 

နယူးယောက်၊ အတ္တလန္တာနှင့် အခြားနယ်မြေများတွင်လည်း အကြမ်းဖက်သော မတည်ငြိမ်မှုများဖြစ်ခဲ့ကာ အိမ်ဖြူတော်က နယ်မြေများကို ပိတ်ချထားသည်။

မင်နီဆိုတာပြည်နယ် ရဲအရာရှိဟောင်းကို လူသတ်မှုဖြင့် ဖမ်းဆီးအရေးယူထားသည်။ 

ဒါရက်ချော်ဗင်ဟု အမည်ရသည့် လူဖြူရဲသည် အသက် ၄၆ နှစ်အရွယ် မစ္စတာဖလွိုက်၏ လည်ပင်းပေါ်ကို ဒူးဖြင့် ထောက်ထားသည့် ဗီဒီယိုပုံထွက်လာပြီး အများသူငါဒေါသထွက်ခဲ့ကြသည်။

အဆိုပါဖြစ်စဉ်ဖြစ်ခဲ့ပြီးနောက် ၎င်းနှင့်အခြားရဲသုံးဦးကို အလုပ်ထုတ်ပစ်ခဲ့သည်။ အသက် ၄၄ နှစ်အရွယ် လူသေစေခဲ့သူ ရဲကို လာမည့်တနင်္လာနေ့တွင် မင်နီယာပိုလစ်စ်တွင် ရုံးထုတ်မည် ဖြစ်သည်။ 

လူသေဆုံးမှုဖြစ်စဉ်သည် အလွန့်အလွန်ဆိုးရွားသောဖြစ်ရပ်ဖြစ်ပြီး မစ္စတာဖလွိုက်၏မိသားစုနှင့် စကားပြောခဲ့ပြီး ဖြစ်ပါကြောင်း သမ္မတဒေါ်နယ်ထရမ့်က ပြောကြားသည်။ 

ဖလွိုက်သေဆုံးခဲ့ရသည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုတွင် လူမည်းအမေရိကန်များကို ရဲကသတ်နေ ခြင်းကိစ္စနှင့်ပတ်သက်ပြီး အများပြည်သူက ဒေါသတကြီးတုံ့ပြန်လျက်ရှိကြသည်။ 

မင်နီဆိုတာပြည်နယ်တွင် အဓိကရုဏ်းက အကြမ်းဆုံးဖြစ်နေပြီး မင်နီရာပိုလစ်စ်နှင့် စိန့်ပေါမြို့များတွင် ညမထွက်ရ အမိန့် ထုတ်ပြန်ထားသည်။ 

ဆန္ဒပြသူများက သောကြာနေ့ညတွင် ကာဖျူးကို ဆန့်ကျင်ကာအပြင် ထွက်ခဲ့ကြပြီးကားများကို မီးတင်ရှို့ခဲ့ကြကာ မီးသတ်သမားများ ဝင်လို့မရသည့် အခြေအနေများဖြစ်ခဲ့သည်။ 

ရဲတပ်ဖွဲ့ဝင်များ၊ စစ်သားများက လမ်းမများပေါ်တွင် အခြေအနေကို ထိန်းချုပ်ရန် ကြိုးစားနေကြပြီး အခြေအနေသည် အလွန်အန္တရာယ်များကာ ဝရုန်းသုန်းကားဖြစ်နေကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး တင်ဝေါ့ဇ်ကပြောကြားသည်။         

F-02