News

POST TYPE

LATEST NEWS POST

တရုတ်ပြည်မကြီး၏ လုံခြုံရေးဥပဒေကြောင့် ဟောင်ကောင်ကို ယခင်ကလိုပုံစံဖြင့် ဆက်ဆံမှုပြုမည်မဟုတ်ဟု ဒေါ်နယ်ထရမ့်ပြောကြား
31-May-2020


ဝါရှင်တန်၊ မေ ၃၀

အမေရိကန်ပြည်ထောင်စုအနေနှင့် ဟောင်ကောင်ကျွန်းအတွက် ကုန်သွယ်ရေးကိစ္စ၊ ခရီးသွားလာရေးကိစ္စတို့နှင့်ပတ်သက်၍ ဦးစားပေးဆောင်ရွက်ပေးမှုများအားလုံးကို အဆုံးသတ်တော့မည်ဖြစ်ကြောင်း၊ ယင်းသို့လုပ်ဆောင်ရခြင်းမှာ တရုတ်ပြည်မကြီး၏ ဟောင်ကောင်ဆိုင်ရာ အမျိုးသားလုံခြုံရေးဥပဒေပြဋ္ဌာန်းခြင်းကို တုံ့ပြန်ခြင်းဖြစ်ကြောင်း သမ္မတဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောကြား လိုက်သည်။ 

တရုတ်ပြည်မကြီးအစိုးရက ဟောင်ကောင်ကျွန်းအတွက် ရေးဆွဲပြဋ္ဌာန်းရန် ကြိုးပမ်းနေသည့် အမျိုးသားလုံခြုံရေးဥပဒေကိစ္စသည် ကံဆိုးမိုးမှောင်ကျမှုသာဖြစ်သည်ဟု သမ္မတထရမ့်ကဆိုသည်။ 

မိမိအနေနှင့်ဟောင်ကောင်ကို တရုတ်နိုင်ငံနှင့် သီးခြားခွဲထွက်နေသော ကျွန်းတစ်ကျွန်းအဖြစ် ယခင်ကလိုရှုမြင် တော့မည်မဟုတ်ကြောင်း ပြောကြားသည်။ 

"တရုတ်နိုင်ငံက တစ်နိုင်ငံစနစ်နှစ်မျိုးပုံစံကို တစ်နိုင်ငံစနစ်တစ်မျိုးတည်း ပုံစံနဲ့အစားထိုးလိုက်တာပါပဲ" ဟု အိမ်ဖြူတော်ရှိ နှင်းဆီခြံတွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် သမ္မတဒေါ်နယ်ထရမ့်က ပြောကြားသည်။ 

"ဒါဟာ ဟောင်ကောင်အတွက်တော့ တကယ့်ကို ဘေးဒုက္ခဆိုးကြီးကျရောက်မှုပါပဲ။ ဟောင်ကောင်ရဲ့လွတ်လပ်မှုကို တရုတ်ပြည်က အဆုံးသတ်ပစ်လိုက်တာပါ" ဟု ၎င်းကဆိုသည်။ 

ဟောင်ကောင်ကျွန်း၏ ဒီမိုကရေစီနှင့် လွတ်လပ်မှုထိခိုက်လျော့ပါးအောင် လုပ်ဆောင်ရာတွင် ပူးပေါင်းကြံစည်ခဲ့ကြသော တရုတ်နှင့် ဟောင်ကောင်အစိုးရအရာရှိများကို ဒဏ်ခတ်အရေးယူသွားမည်ဖြစ်သည်ဟုလည်းဒေါ်နယ်ထရမ့်က ဆိုသည်။ 

တရုတ်ပြည်မကြီး၏ အနီးကပ်စောင့်ကြည့် ထိန်းချုပ်ခြင်းခံလာရသော ဟောင်ကောင်သို့ ခရီးသွားလာမှုဆိုင်ရာ  အကြံပြုချက်များကိုလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနအနေနှင့် ပြန်လည်ဆန်းစစ်မည်ဖြစ်ကြောင်း ပြောကြားသည်။

သမ္မတထရမ့်က COVID-19 ကိစ္စကြောင့် ၎င်းသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် အမေရိကန်ပြည်ထောင်စုအကြား ဆက်ဆံရေးကိုလည်း အဆုံးသတ်တော့မည်ဖြစ်ကြောင်း ပြောကြားသည်။

တရုတ်နိုင်ငံကမူ အနောက်ကမ္ဘာအနေနှင့် ဟောင်ကောင်ကိစ္စတွင် ဝင်ရောက်စွက်ဖက်မှုမပြုရန် သတိပေးချက်ထုတ်ပြန်ထားသည်။

F-01