News

POST TYPE

LATEST NEWS POST

ရန်ကုန်တိုင်းအစိုးရအဖွဲ့ လူစုလူဝေးဖြင့် ပွဲလုပ်ခဲ့ခြင်းကိစ္စကို အမြန်ဆုံးဖြေရှင်းတင်ပြရန် သမ္မတရုံး ညွှန်ကြား
31-May-2020
နေပြည်တော်၊ မေ ၃၀

ရန်ကုန်တိုင်းအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဦးဆောင်၍ ပွဲတက်အခမ်းအနားပြုလုပ်ခဲ့ခြင်းကိစ္စကို အမြန်  ဆုံးပြန်လည်ဖြေရှင်းချက်ပြုလုပ်၍ နိုင်ငံတော်သမ္မတရုံးထံတင်ပြရန် ညွှန်ကြားထားကြောင်း နိုင်ငံတော်သမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။

"ဒါနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို ဆောလျင်စွာဖြေရှင်းတင်ပြဖို့ ကျွန်တော်တို့အကြောင်းကြားထားပါတယ်။ ဖြေရှင်းတင်ပြချက်အပေါ်မှာ မူတည်ပြီးလူကြီးတွေက စီမံဆောင်ရွက်မှာ ဖြစ်ပါတယ်"ဟု ၎င်းကဆိုသည်။

နိုင်ငံတော်သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူက ယနေ့ (မေလ၃၀) ရက် ညနေပိုင်း၌ အိမ်တော်သတင်းထောက်များနှင့် တွေ့ဆုံမှုတွင် အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

မေလ ၂၄ ရက်နေ့က ဗိုလ်တထောင်ဆိပ်ကမ်းတွင် ရှင်ဥပဂုတ္တဖောင်တော်ရေချပွဲ၊ ဗိုလ်တထောင်ဘုရား ဘက်စုံပြုပြင်မွမ်းမံမှုအပါအဝင် အစ်မတော်မြနန်းနွယ် ကျောင်းဆောင်ပြုပြင်မွမ်းမံခြင်း ကိစ္စတို့တွင် လူစုလူဝေးဖြစ်ပေါ်ခဲ့သည်ဟု သတင်းမီဒီယာများတွင် တွေ့ရှိရကြောင်း ဦးဇော်ဌေးက ဆိုသည်။

COVID-19 ကာကွယ်ထိန်းချုပ်ရေး အမျိုးသားအဆင့်ဗဟိုကော်မတီက အတွင်းရေးမှူးဖြစ်သော ဒေါက်တာမြင့်ထွေး ကိုယ်တိုင် လက်မှတ်ထိုးပြီး ညွှန်ကြားချက်ထုတ်ထားပြီးဖြစ်ကြောင်း၊ ညွှန်ကြားချက်တွင် အဓိကအားဖြင့် ကူးစက်ရောဂါမပြန့် ပွားရေးအတွက် ဘာသာရေးပွဲ၊ ရိုးရာပွဲများ ရပ်ဆိုင်းထားရန်နှင့် လူ ၅ ဦးထက်ပိုပြီး စုဝေးမှုမပြုလုပ်ရန်ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

ရန်ကုန်တိုင်းအစိုးရအနေဖြင့် ဖြေရှင်းချက်ကို အမြန်ဆုံးတင်ပြရမည်ဖြစ်သောကြောင့် ယခုကာလဖြစ်သည့် အချိန်နှစ်ပတ်အတွင်း အချိန်ပေးထားသည်ဟု ဆိုနိုင်ကြောင်း ဦးဇော်ဌေးက ထပ်လောင်းပြောကြားသည်။

ရန်ကုန်ဝန်ကြီးချုပ်အပါအဝင် အစိုးရအဖွဲ့သည် ပြည်ထောင်စုအဆင့်ထုတ်ပြန်ထားသည့်အချက်များကို လိုက်နာမှုမရှိသောကြောင့် မိမိတို့ကိုယ်တိုင်တာဝန်ယူ တာဝန်ခံဖြေရှင်းရန်နှင့် ပြည်ထောင်စု အစိုးရအဖွဲ့ကလည်း အရေးယူဆောင်ရွက်ပေးရန် အများပြည်သူက လူမှုကွန်ရက်များတွင် ရေးသားခဲ့ကြသည်။