News

POST TYPE

LATEST NEWS POST

လမ်း ၊ တံတားအသုံးပြုခများကို ခြောက်လကြာ ဖြေလျော့ပေးမည်
30-May-2020
စစ်တောင်းမြစ်ကူးတံတား (မြို့စိုး-ကျွဲပွဲတံတား)ကို တွေ့ရစဉ်။

တောင်ငူ၊ မေ ၃၀

တိုင်းနှင့်ပြည်နယ်အသီးသီးရှိ လမ်းတံတားအသုံးပြုခများအား ဇွန်လ ၁ ရက်နေ့မှစ၍ နိုဝင်ဘာလကုန်အထိကို မူလကောက်ခံနေသည့်နူန်းထက် ၅၀ ရာခိုင်နူန်း ဖြေလျော့ပေးမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ညွန်ကြားရေးမှူး အဆင့်ရှိသူတစ်ဦးက ပြောကြားသည်။

“တိုင်းနှင့်ပြည်နယ်အသီးသီးမှာ လမ်းဦးစီးဌာနက တာဝန်ယူကောက်ခံနေရတဲ့ လမ်း၊ တံတားကြေးတွေကို မူလကထက် တစ်ဝက်လျော့ပေးမှာပါ။ ချွင်းချက်အနေနဲ့ BOT စနစ်ချပေးထားတဲ့ လမ်းတွေတံတားတွေတော့မပါဘူး”ဟု ၎င်းက ရှင်းပြသည်။

တိုင်းနှင့်ပြည်နယ် ၁၄ ခုနှင့် နေပြည်တော်ကောင်စီတို့တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှတာဝန်ယူထားသည့် လမ်း၊ တံတား အသုံးပြုခ ကောက်ခံရေးဂိတ် ၈၆ ခုတွင် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့်စက်ဘီးအသုံးပြုသည် ပြည်သူများအနေဖြင့် ကျသင့်ငွေ၏ ၅၀ ရာခိုင်နူန်းကိုသာ ပေးဆောင်ရမည်ဖြစ်သည်။

တိုင်းနှင့်ပြည်နယ်အသီးသီးတွင် လမ်းဦးစီးဌာနက ငွေကြေးကောက်ခံသည့် နိုင်ငံပိုင်တံတား ၆၂ စင်း၊ လမ်းဦးစီးဌာနမှ လမ်းအသုံးပြုခ ကောက်ခံနေသည့် လမ်းပိုင်း ၂၄ ခုရှိ တိုးဂိတ်များအပါအဝင် စုစုပေါင်း ၈၆ ခုတွင် လမ်း၊ တံတားအသုံးပြုခ လျော့ကောက်မည်ဖြစ်ပြီး ဇွန်လ ၁ ရက်နေ့မှ နိုဝင်ဘာ ၃၀ ရက်အထိ အသက်ဝင်မည်ဖြစ်သည်။

“BOT စနစ်နဲ့လုပ်တဲ့လမ်းတွေက လမ်းကြေးနည်းနည်းပိုများတယ်။ ဒါပေမဲ့ ကောက်ခံနေကြထက် တစ်ဝက်ဆိုတာလည်း မနည်းဘူးလို့ ပြောလို့ ရတယ်” ဟု တောင်ငူဒေသခံယာဉ်မောင်းတစ်ဦးက ပြောဆိုသည်။

ထိုသို့လမ်းအသုံးပြုခ တစ်ဝက်လျော့ချကောက်ခံမည့်ကိစ္စသည် အမြန်လမ်း ပြုပြင်ထိန်းသိမ်းရေးနှင့်ကြီးကြပ်ရေးအဖွဲ့ထံ မေလ ၃၀ ရက်နေ့အထိ ရောက်မလာသေးကြောင်း ယင်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယင်းနေ့ မွန်းတည့် ၁၂ နာရီခန့်တွင် ပြောကြားသည်။

ဖြေလျော့ကောက်ခံသွားမည့် လမ်းတံတားများမှာ ကရင်ပြည်နယ်မျ တံတားလေးစင်း၊ စစ်ကိုင်းတိုင်းမှ တံတားခုနစ်စင်း၊ တနင်္သာရီတိုင်းမှ တံတားတစ်စင်းနှင့်လမ်းပိုင်းသုံးခု၊ ပဲခူးတိုင်းမှ လမ်းပိုင်းသုံးခုနှင့်တံတား ၁၁ စင်း၊ မကွေးတိုင်းမှ တံတား ၁၀ စင်းနှင့် လမ်းပိုင်းလေးခု၊ မန္တလေးတိုင်းမှ တံတားကိုးစင်းနှင့်လမ်းပိုင်းလေးခု၊ မွန်ပြည်နယ်မှ လမ်းပိုင်းနှစ်ခုနှင့်တံတား ခုနစ်စင်း၊ ရှမ်းပြည်နယ်မှ လမ်းပိုင်းခြောက်ခုနှင့် တံတားသုံးစင်း၊ ဧရာဝတီတိုင်းမှ လမ်းပိုင်းနှစ်ခုနှင့်တံတား ၁၀ စင်းတို့ ဖြစ်သည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။ 

R-02