News

POST TYPE

LATEST NEWS POST

ရန်ကုန်တိုင်းလွှတ်တော် တက်ရမည့်သူအားလုံး အာခေါင်တို့ဖတ်ယူ စစ်ဆေး
30-May-2020
ရန်ကုန်၊ မေ ၃၀ 

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တက်ရမည့်သူအားလုံးကို မေလ ၃၀ ရက်နံနက်ပိုင်းက ကိုရိုနာဗိုင်းရပ်စ် (Covid-19) ကူးစက်ခံရမှုရှိ၊ မရှိသိရှိနိုင်ရန် အာခေါင်တို့ဖတ်ယူစစ်ဆေးခဲ့ကြောင်း ဒဂုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောကြားသည်။

“ဒီနေ့မနက်ပိုင်းမှာပဲ စစ်ဆေးတာ။ Covid-19 ဆိုတော့ နှာခေါင်းနဲ့အာခေါင်တို့ကို စစ်ဆေးဖို့ယူသွားတယ်။ အခြေအနေကတော့ မသိရသေးဘူး။ လွှတ်တော်နဲ့ဆက်စပ်ပြီး အလုပ်လုပ်ရမယ့် ရုံးဝန်ထမ်းတွေပါ မနေ့က Quarantine ဝင်လာတာတွေ့ရတယ်” ဟု ၎င်းကရှင်းပြသည်။

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၂/၂၀၂၀) ကို ဇွန်လ ၂ ရက်နံနက် ၁၀ နာရီ၌ ကျင်းပရန်ခေါ်ယူထားကာ လွှတ်တော်တက်ရမည့် လွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော်ရုံးလုပ်ငန်းများ ဆောင်ရွက်မည့် ဝန်ထမ်းများပါ မေလ ၂၉ ရက်နေ့မှစတင်ပြီး စမ်းချောင်းမြို့နယ်၊ ဗဟိုလမ်းမပေါ်ရှိ စမ်းချောင်းဟိုတယ်တွင် Quarantine ထားရှိခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တက်ရမည့် ကိုယ်စားလှယ် ၈၀ ကျော်ရှိပြီး ရယူထားသည့် ဓာတ်ခွဲနမူနာများကို ယနေ့ည (သို့မဟုတ်) မနက်ဖြန်နံနက်ပိုင်းတွင် အဖြေထုတ်ပြန်မည်ဖြစ်ကြောင်း၊ လွှတ်တော်အစည်းအဝေးကို ဇွန်လ ၂ ရက်နေ့မှ ၉ ရက်နေ့အထိကျင်းပမည်ဖြစ်ပြီး ဘတ်ဂျက်ကိစ္စကို အဓိကဆွေးနွေးမည်ဖြစ်ကာ လစ်လပ်သွားသော စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးနေရာ ခန့်အပ်ရန်လည်းရှိကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

S -08