News

POST TYPE

LATEST NEWS POST

မန်ယူကွင်းလယ်ကစားသမား ပေါ့ဂ်ဘာအားကစားသမား လေးဦးဖြင့်လဲလှယ်ရန် ရီးရဲလ်မက်ဒရစ် ကမ်းလှမ်း
29-May-2020


မက်ဒရစ်၊ မေ ၂၈

ရီးရဲလ်မက်ဒရစ်အသင်းသည် မန်ယူကွင်းလယ်ကစားသမား ပေါ့ဂ်ဘာအားကစားသမားလေးဦးနှင့် လဲလှယ်ရန် ကမ်း လှမ်းမှုပြုလုပ်လိုက်ကြောင်း Dailymail က ဖော်ပြခဲ့သည်။

ရီးရဲလ်မက်ဒရစ်နည်းပြဇီဒန်းသည် ပေါ့ဂ်ဘာကို ယခင်ကတည်းက ခေါ်ယူရန် ဆန္ဒရှိနေသူဖြစ်သည်။ သို့သော်မန်ယူက ပေါ့ဂ်ဘာအား ရောင်းချလိုခြင်းမရှိသဖြင့် ခေါ်ယူရန် ကြိုးစားမှုများမအောင်မြင်ခဲ့ပေ။ ပေါ့ဂ်ဘာသည် ယခုရာသီတွင် ဒဏ်ရာပြဿနာကြောင့် ရှစ်ပွဲသာပါဝင်ကစားပေးနိုင်ခဲ့သည်။

သို့သော် လက်ရှိတွင်အသင်းနှင့်လေ့ကျင့်ခန်း ပြန်ဆင်းနိုင်ပြီဖြစ်သည်။ နည်းပြဆိုးလ်ရှားကလည်း ဇန်နဝါရီလက ခေါ်ယူခဲ့သော ဘရူနိုဖာနန်ဒက်စ်နှင့် ပေါ့ဂ်ဘာကိုတွဲဖက်၍ ပုံစံသစ်ဖန်တီးနိုင်ရန် မျှော်လင့်နေသည်။

ထို့ကြောင့် မန်ယူနည်းပြသည် ပေါ့ဂ်ဘာအား အနာဂတ်အစီအစဉ်များအတွင်း ထည့်သွင်းထားဆဲဖြစ်ကြောင်း ပေါ်လွင်နေသည်။ သို့သော် ရီးရဲလ်မက်ဒရစ်၏ ယခုကမ်းလှမ်းမှုမှာ မန်ယူအသင်းကို ဆွဲဆောင်နိုင်မည့်အခြေအနေရှိနေသည်။

လဲလှယ်မှုပြုလုပ်မည့် ကစားသမားလေးဦးအတွင်း အနာဂတ်ကောင်းရှိနေကြသည့် လူငယ်ကစားသမားများဖြစ်သော အိုဒီဂတ်၊ လူးကပ်စ်ဗက်ကွက်ဇ်နှင့် ဘရာဟင်ဒီရက်ဇ်တို့ ပါဝင်နေကြပြီး ဝါရင့်ကွင်း လယ်ကစားသမားတစ်ဦးဖြစ်သော ရိုဒရီ ဂွက်ဇ်လည်းပါဝင်နေသည်။ 

ရီးရဲလ်မက်ဒရစ်သည် ကိုရိုနာဗိုင်းရပ်စ်ပြဿနာကြောင့် ငွေသုံစွဲရန်ကန့်သတ်ထိန်းချုပ်ရမှုများရှိလာသဖြင့်  ယခုကဲ့သို့ ကစားသမားများနှင့်လဲလှယ်ရေးကို ရွေးချယ်လိုက်ခြင်းလည်းဖြစ်သည်။  

အိုဒီဂတ်သည် အသက် ၁၆ နှစ်ကတည်းက ရီးရဲလ်နှင့်စာချုပ်ခဲ့သူဖြစ်သည်။ လက်ရှိတွင်ဆိုစီဒက်အသင်း၌ အငှားသွားကစားနေသူဖြစ်သည်။

ကွင်းလယ်တိုက်စစ်ကစားသမား ဗက်ကွက်ဇ်မှာ ရီးရဲလ်အကယ်ဒမီမှ ပေါ်ထွက်ခဲ့သူဖြစ်သည်။ ဒီရက်ဇ်မှာ ပြီးခဲ့သော ဇန်နဝါရီတွင် မန်စီးတီးအသင်းထံမှ ခေါ်ယူထားသူဖြစ်သည်။ ရိုဒရီဂွက်ဇ်မှာ ဇီဒန်း၏အစီအစဉ်များအတွင်း ပါဝင်ခွင့်မရသူ ဖြစ်သည်။                

ငြိမ်းပြည့်