News

POST TYPE

LATEST NEWS POST

အေဂျက်ဇ်၊ ဒေါ့မွန်အသင်းများနှင့်ပူးပေါင်းကာ လူငယ်ဖွံ့ဖြိုးရေးစီမံကိန်းများ ဆောင်ရွက်မည်
28-May-2020


ရန်ကုန်၊ မေ ၂၇

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ဥရောပထိပ်တန်းကလပ်များဖြစ်သည့် ဟော်လန်ကလပ် အေဂျက်ဇ်၊ ဂျာမနီကလပ် ဒေါ့မွန် အသင်းများနှင့်ပူးပေါင်းကာ လူငယ်ဖွံ့ဖြိုးရေးစီမံကိန်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောသည်။

ယင်း ကလပ်အသင်းများနှင့်ပူးပေါင်းလုပ်ဆောင်သွားရန် ဆွေးနွေးမည်ဖြစ်ပြီး လက်ရှိအချိန်တွင် အဆိုပါကလပ်အသင်း နှစ်သင်းနှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း ၎င်းကဆိုသည်။

"ကျွန်တော့်ရဲ့ သဘောဆန္ဒဆိုရင် Ajax နဲ့အရမ်းလုပ်ချင်ပါတယ်။အကယ်ဒမီ သွားနေတဲ့လမ်းကြောင်းကို Ajax ရဲ့ပုံစံအတိုင်း ထပ်တူသွားလို့ရမယ်။ လက်ရှိလုပ်နေတဲ့ Eric ပုံစံအတိုင်း အပြောင်းအလဲသိပ်မရှိဘဲ ဆက်သွားနိုင်မယ်။ ဘယ်လို အကျိုးကျေးဇူးတွေရှိမလဲဆိုရင်တော့ ကိုယ့်နိုင်ငံရဲ့ လူငယ်ကစားသမားတွေ ဥရောပကို ထွက်ကစားခွင့် လမ်းကြောင်းက  ပိုမိုကောင်းသွားနိုင်မယ်။ နောက်ပြီး ဒီက Academy တွေရဲ့ သင်ကြားပုံတွေဟာ ကမ္ဘာ့အဆင့်အတန်းဝင်ဖြစ်သွားပါမယ်။ Commercial ပိုင်းအရရော၊ လက်ရွေးစင် လူငယ်အသင်းတွေကစားတဲ့ပုံစံ(Playing Style) တစ်သတ်မတ်တည်းဖြစ်သွားမယ်" ဟု ဦးကိုကိုသိန်းကပြောသည်။

လက်ရှိအချိန်တွင်ကမ်းလှမ်းဆဲ အခြေအနေသာဖြစ်ပြီး ငွေကြေးမည်မျှ ပေးရမည်ဆိုသည်နှင့်ပတ်သက်၍ ကနဦး ဆွေးနွေးမှုပြုလုပ်သည့်အချိန်တွင် သိရမည်ဖြစ်ကြောင်း ပူးပေါင်းဆောင်ရွက်ဖြစ်ပါက ပြည်တွင်းကစားသမားများအပြင် ပြည်တွင်းနည်းပြများအတွက် အခွင့်အလမ်းကောင်းများ ရရှိလာမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ငြိမ်းပြည့်