News

POST TYPE

LATEST NEWS POST

မန္တလေးတိုင်းအစိုးရအဖွဲ့က တောင်းခံထားသည့်ငွေများအနက်မှ ကျပ်သန်း ၈၄၀၀ ကျော်ဖြတ်တောက်ရန် လွှတ်တောင်တင်
26-May-2020


မန္တလေး၊ မေ ၂၆

မန္တလေးတိုင်းအစိုးရအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေငွေစာရင်းများအရ တောင်းခံထားသောငွေများအနက် ကျပ်သန်း ၈၄၀၀ ကျော် ဖြတ်တောက်ရန် မန္တလေးတိုင်းလွှတ်တော် ဒေသန္တရစီမံကိန်း အရအသုံးငွေစာရင်းနှင့် ဘဏ္ဍာရေးဆိုင်ရာကော်မတီက လွှတ်တော်သို့တင်ပြထားသည်။

မေလ ၂၆ ရက်နေ့ကကျင်းပသော မန္တလေးတိုင်းလွှတ်တော် ၁၇ ကြိမ်မြောက်ပုံမှန်အစည်းအဝေး(ဒုတိယနေ့)တွင် ယင်းကော်မတီက တင်သွင်းခဲ့ခြင်းဖြစ်သည်။

မန္တလေးတိုင်းလွှတ်တော် ရေးရာကော်မတီအသီးသီးက ၂၀၂၀- ၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် ဘတ်ဂျက်လျာထားငွေများကို စစ်းဆေးကြည့်ရှုပြီးနောက် သက်ဆိုင်ရာဌာနများကို လွှတ်တော်သို့ခေါ်ယူဆေးနွေးခြင်း၊ သက်ဆိုင်ရာအဖွဲ့အစည်းများကို ခေါ်ယူတွေ့ဆုံ၍ အချက်အလက်မပြည့်စုံမှုများအား အသေးစိတ်အချက်အလက်တောင်းခံခြင်း၊ ကွင်းဆင်းရမည့်ဌာနများသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း မန္တလေးတိုင်းလွှတ်တော် ဒေသန္တရစီမံကိန်း အရအသုံးငွေစာရင်းနှင့်ဘဏ္ဍာရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးစိန်ကျော်မိုးက ပြောကြားသည်။

ယင်းသို့ ဖြတ်တောက်ရာတွင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲမှုဦးစီးဌာနမှ ကျပ် ၂၄၇၉ ဒသမ ၅ သန်း ၊လမ်းဦးစီးဌာန ကျပ် ၄၀၀၁ ဒသမ ၆၅၆ သန်း၊ သမဝါယမဦးစီးဌာနမှ ကျပ် ၄၅ဒသမ၁၉၄ သန်း၊အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကျပ်သန်း ၃၈၀၊ မန္တလေးတိုင်း ဥပဒေချုပ်ရုံးမှ ကျပ် ၁ ဒသမ ၉၂၄ သန်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ ကျပ် ၁၅၆၆ဒသမ၇၂ သန်း၊ စုစုပေါင်း ကျပ် ၈၄၇၄ဒသမ ၉၉ သန်းဖြစ်ကြောင်း မန္တလေးတိုင်းလွှတ်တော် ဒေသန္တရစီမံကိန်း အရအသုံးငွေစာရင်းနှင့်ဘဏ္ဍာရေးဆိုင်ရာကော်မတီထံမှ သိရသည်။

မန္တလေးတိုင်းအစိုးရအဖွဲ့၏ ဘဏ္ဍာရန်ပုံငွေအစီအစဉ်တွင်ပါဝင်သော ဌာန၊ အဖွဲ့အစည်းများ၏ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေငွေမှာ ကျပ် ၄၂၂၃၅၁ ဒသမ ၃၉၉ သန်းဖြစ်ပြီး ယင်းငွေစာရင်းနှင့်ပတ်သက်၍ မန္တလေးတိုင်းအစိုးရအဖွဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူက မတ်လ ၁၉ ရက်ရက်နေ့တွင်ကျင်းပခဲ့သော မန္တလေးတိုင်းလွှတ်တော် ၁၇ ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပထမနေ့) တွင် တင်သွင်းခဲ့သည်။

ယင်းသို့ဖြတ်တောက်ခဲ့မှုနှင့်ပတ်သက်၍ မေလ၂၇ ရက် (ယနေ့) တွင် ကျင်းပမည့် လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးကြ မည်ဖြစ်သည်။

S-02

ဓာတ်ပုံ -ရဲဝင်းနိုင်