News

POST TYPE

LATEST NEWS POST

အခြေခံပညာကျောင်းများ ဇူလိုင်တွင် အထက်တန်းအဆင့်မှစတင်ဖွင့်လှစ်မည်
24-May-2020
ရန်ကုန် ၊ မေ ၂၅

အခြေခံပညာကျောင်းများကို ဇူလိုင်လတွင် အထက်တန်းအဆင့်မှစတင်ဖွင့်လှစ်ရန် စီစဉ်ထားပြီး အောင်စာရင်းများကို ဇွန်လထဲတွင် ထုတ်ပြန်မည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက The Voice သို့ပြောကြားသည်။

အခြေခံပညာမူလတန်းအဆင့် ကျောင်းသားအရေအတွက်သည် ၅ ဒဿမ၂ သန်းကျော်ရှိပြီး အထက်တန်းအဆင့်ကျောင်းသားအရေအတွက်သည် ၁ ဒဿမ၂ သန်းကျော်ရှိကာ ကျောင်းအရေအတွက်မှာလည်း ဘုန်းတော်ကြီးကျောင်းများအပါအဝင် ခြောက်ထောင်ကျော်သာရှိသည့်အတွက် Social Distancing ပြုလုပ်ရာတွင် ပိုမိုကောင်းမွန်သည့်အတွက် အထက်တန်းအဆင့်မှစတင် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

"အတိုင်ပင်ခံကလည်း မူလတန်းအဆင့်ကစဖွင့်ဖို့ သေချာပြန်စဉ်းစားမယ်လို့ပြောခဲ့တယ်။ဆွေးနွေးပွဲမှာ မိဘ၊ဆရာတွေတင်ပြမှုကို ပြန်သုံးသပ်လိုက်တော့ အထက်တန်းအဆင့်က စဖွင့်မယ်။တစ်ခြားအတန်းတွေကိုလည်း အကြာကြီးပိတ်ထားလို့မရတော့ တစ်ပတ်နှစ်ပတ်လောက်နေပြီးမှ မူလတန်းအဆင့်တွေကိုစဖွင့်မယ်"ဟု ဦးကိုလေးဝင်းက ဆိုသည်။

လက်ရှိတွင် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရန်အတွက် ယခင်ပညာသင်နှစ်၏ အောင်စာရင်းများကို ထုတ်ပြန်ပေးရန်လိုအပ်သည့်အတွက် အောင်စာရင်းများကို ဇွန်လထဲတွင် ထုတ်ပြန်နိုင်ရန် လေးတန်းရှစ်တန်း စာမေးပွဲ အမှတ်ခြစ်လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် စီစဉ်နေသည်။

"အောင်စာရင်းတွေက မေလကုန် ဒါမှမဟုတ် ဇွန်လထဲထုတ်ဖို့လုပ်ထားတာဆိုတော့ အခုဘဲ မေ ၂၄ ဖြစ်နေပြီလေ။ ဒါကြောင့် အောင်စာရင်းကတော့ ဇွန်လလောက်ထဲလို့ဘဲ မှတ်ထားလိုက်ပေါ့။လေးတန်းရှစ်တန်း အမှတ်ခြစ်က တစ်ချို့နေရာတွေကျန်နေသေးတယ်"ဟု ၎င်းက ရှင်းပြသည်။

ယခုအခါ အခြေခံပညာကျောင်းများကို ဇူလိုင်လတွင် ဖွင့်လှစ်ရန် လျာထားပြီး တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာစစ်ဆေးခြင်း လုပ်ငန်းများကိုမူ ဇွန်လ ၆ ရက်နေ့တွင် စတင်စစ်ဆေးမည်ဖြစ်သည်။

S-09