News

POST TYPE

LATEST NEWS POST

အခြေခံပြည်သူများကို ဂေါ်ဖီထုပ်၊ ခရမ်းချဉ်သီးများလှူဒါန်း
24-May-2020


ရန်ကုန်၊ မေ ၂၄

မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း၊ ရှမ်းပြည်နယ် နောင်တရားဒေသနှင့် ပင်းတယမှ ပရဟိတအဖွဲ့များနှင့် တောင်သူများပူးပေါင်း၍ အခြေခံပြည်သူများကို ဂေါ်ဖီထုပ်နှင့် ခရမ်းချဉ်သီးများ ပေးအပ်လှူဒါန်းခဲ့ကြသည်။

ဂေါ်ဖီထုပ် (ရှမ်းပြည်အခေါ်မုန်လာထုပ်) နှင့် ခရမ်းချဉ်သီးများကို တောင်သူများထံမှ အလှူခံခြင်းဖြင့်လည်းကောင်း၊ ဝယ်ယူခြင်းဖြင့်လည်းကောင်းစုဆောင်း၍ လှူဒါန်းခဲ့ခြင်းဖြစ်သည်။

“တောင်ဥက္ကလာပမြို့နယ်က အခြေခံလူတန်းစားတွေအတွက် နောင်တရားက ဂေါ်ဖီထုပ် ၆,ဝ၀ဝ ထုပ်လှူဒါန်းခဲ့ပါတယ်။ အနယ်နယ်အရပ်ရပ်က အလှူငွေတွေထပ်မံလှူဒါန်းလာကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ မနက်ဖြန် ပင်းတယက လှူဒါန်းတဲ့ကားနှစ်စီးရောက်မှာပါ။ ပင်းတယက ဂေါ်ဖီထုပ်အပြင် ခရမ်းချဉ်သီး၊ ခရမ်းသီး၊ အာလူး၊ ငရုတ်သီး၊ ဂျူးမြစ်၊ ပိန္နဲသီးနဲ့ လက်ဖက်ခြောက်ပါ လှူဒါန်းလိုက်ပါတယ်” ဟု မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း အတွင်းရေးမှူး ဦးကျော်သူက ပြောကြားသည်။

လှူဒါန်းမှုများကို သင်္ဃန်းကျွန်းမြို့နယ်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ တာမွေမြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ လှိုင်သာယာမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၊ တောင်ဥက္ကလာမြို့နယ်တို့ရှိ အခြေခံလူတန်းစားများကို မေလ ၁၈ ရက်နေ့မှ ၂၃ ရက်နေ့အထိ သွားရောက်လှူဒါန်းခဲ့ကြခြင်းဖြစ်သည်။

“တောင်သူတွေထံ ငွေသားနဲ့လက်ငင်းဝယ်ယူပေးပြီး သယ်ယူကားခအပါအဝင် ဂေါ်ဖီတစ်ထုပ်ကို ရန်ကုန်ဆိုရင် ၁၅၅ ကျပ်ခန့် ကျပါတယ်။ မန္တလေးနဲ့အခြားမြို့တွေဆိုရင် ၁၂၀ ခန့်ကျသင့်ပါတယ်။ စုစုပေါင်းလေးရက်အတွင်း ဂေါ်ဖီ ၁၇၁,၅၇၅ ထုပ် ခုတ်တင်ပြီး တောင်သူတွေဆီက ဝယ်ပေးပြီး ပြည်သူတွေဆီ လှူဒါန်းပါတယ်” ဟု ဂေါ်ဖီထုပ်များ လှူဒါန်းရာတွင် ဝိုင်းဝန်းကူညီနေသူ ဦးခွန်ဆန်းဦးက ပြောကြားသည်။

မေလ ၂၂ ရက်နေ့ကလည်း လှိုင်သာယာမြို့နယ်သို့ ၁၂ ဘီးကား ၃ စီး၊ ရွှေပြည်သာမြို့နယ်သို့ ၁၂ ဘီးကား ၃ စီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်သို့ ၁၂ ဘီးကား ၁ စီး၊ ရန်ကုန်စည်ပင်သန့်ရှင်းရေးဝန်ထမ်းများအတွက် ၆ ဘီးကား ၁ စီးလှူဒါန်းခဲ့ကြောင်း ယင်းအသင်းထံမှ သိရသည်။

S-07