News

POST TYPE

LATEST NEWS POST

ပဲခူးတိုင်းအတွင်း သဘာဝဘေးကာကွယ်ကူညီရေးလုပ်ငန်းများအတွက် ကျပ်သန်း ၇၀ဝ၀ ကျော်သုံး
22-May-2020
စစ်တောင်းမြစ်အတွင်း ကမ်းပါးပြိုကျမှု တားဆီးကာကွယ်ရေး ဆောင်ရွက်ထားပုံကိုတွေ့ရစဉ်

တောင်ငူ၊ မေ ၂၁

ပဲခူးတိုင်းအတွင်း ရေကြီးနစ်မြုပ်မှုနှင့်သဘာဝဘေးအန္တရာယ်ကာကွယ် ထိန်းသိမ်းကူညီရေး လုပ်ငန်းများအတွက် ကျပ်သန်း ၇၀ဝ၀ ကျော်ခန့် သုံးစွဲခဲ့သည်ဟု ပဲခူးတိုင်းအစိုးရအဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

ပဲခူးတိုင်းအစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာခန်းမတွင် မေလ ၂၀ ရက်နေ့က Covid-19 ကူးစက်ရောဂါအပါအဝင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပစဉ် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ 

“သဘာဝဘေးမဖြစ်မီ ကြိုတင်ပြီး ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနဲ့ နေရာချထားရေးတွေသာမက ပြန်လည် ထူထောင်ရေးလုပ်ငန်းကို ကြိုတင်ပြီး တွက်ဆထားရပါမယ်”ဟု ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းက ပြောကြားသည်။

၂၀၁၈-၂၀၁၉ ခုနှစ်တွင် ရေကြီးနစ်မြုပ်မှုနှင့် သဘာဝဘေးအန္တရာယ်တားဆီး ကာကွယ်ရေးအတွက် မြစ်ချောင်း တာတမံများ ကျိုးပေါက်ခြင်း၊ မိုးတားဆီးသည့် တာများပြုလုပ်ခြင်း စသည့်လုပ်ငန်းများအတွက် ကုန်ကျစရိတ် ကျပ် ၃၃၄ ဒသမ ၅၃၈ သန်းဖြင့် ဆောင်ရွက်ပေးခဲ့သည်ဟု တိုင်းအစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။

သဘာဝဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းများကို ပြည်ထောင်စုအစိုးရ ရန်ပုံငွေဖြင့် ပဲခူးခရိုင်နှင့်တောင်ငူခရိုင်၊ တိုင်းဒေသကြီးရန်ပုံငွေဖြင့် ခရိုင်လေးခုတွင် လုပ်ငန်း ၁၁ ခုကိုဆောင်ရွက်ပေးနိုင်ခဲ့သည်ဟု ပဲခူးတိုင်း အစိုးရအဖွဲ့ကဆိုသည်။

ထို့ပြင် စစ်တောင်းမြစ်ကမ်းပါးများ ပြိုကျပျက်စီးမှု ကာကွယ်ရေးလုပ်ငန်းများအတွက် ရေတာရှည်မြို့နယ် အင်ဒိုင်းကျေးရွာအနီးနှင့် ထန်းတပင်မြို့နယ် ချောင်းဝရွာအနီးတွင် စစ်တောင်းမြစ်ရေ  ရေထိန်းတမံများကို တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ ကျပ် ၁၀၂၉ ဒသမ ၁၅ သန်း ဖြင့် ဆောင်ရွက်ပေးခဲ့ကြောင်းလည်း တိုင်းအစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း သဘာဝဘေးအန္တရာယ် ကာကွယ်ရေး ထိန်းသိမ်းရေးနှင့် ပြန်လည်နေရာချထား ရေးလုပ်ငန်းများအတွက် ပဲခူးတိုင်းအစိုးရ အဖွဲ့ရန်ပုံငွေ၊ ပြည်ထောင်စုအစိုးရအဖွဲ့ ရန်ပုံငွေနှင့် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာရန်ပုံငွေမှ ကျပ် ၇၈၂၀ ဒသမ ၈၄၅,၃၂၈ သန်း သုံးစွဲကျခံပေးခဲ့ခြင်းဖြစ်သည်ဟု ပဲခူးတိုင်းအစိုးရအဖွဲ့ရုံးထံမှ  သိရသည်။       

R-02