News

POST TYPE

LATEST NEWS POST

ကမ္ဘာတစ်လွှား COVID-19 Update သတင်းများ
08-Apr-2020


ကိုရိုနာဗိုင်းရပ်စ်ကြောင့် အမေရိကန်ပြည်ထောင်စုတွင် ယမန်နေ့က တစ်ရက်တည်းတွင် လူ ၁၈၀၀ သေဆုံး ခဲ့ရပြီး သေဆုံးမှု အပြင်းထန်ဆုံး နေ့ရက်အဖြစ် မှတ်တမ်းဝင်သွားခဲ့သည်။ ယခုအခါ အမေရိကန်ပြည်ထောင်စု တွင် ကူးစက်ခံရသူ ၄သိန်းကျော် ရှိနေပြီး သေဆုံးသူ စုစုပေါင်း ၁၂၀၀၀ ကျော် ရှိထားသည်။

သြစတြေးလျပါလီမန်က ကပ်ဘေးကာလ အလုပ်သမားများ အဆင်ပြေစေရေး အတွက် အမေရိကန်ဒေါ်လာ ၈၀ ဘီလီယံဖိုး အထောက်အကူပြုမည် ဥပဒေကြမ်းကို ပြဌာန်းအတည်ပြုလိုက်သည်။

ဂျပန်နိုင်ငံတွင် တစ်လတာ ကြာမြင့်မည့် အရေးပေါ်အခြေအနေကြေညာမှု ယနေ့မှ စ၍ အသက်ဝင်ပြီဖြစ်ကာ၊ ဗိုင်းရပ်စ်တားဆီးရေး လုပ်ငန်းများကို အရှိန်မြှင့် ဆောင်ရွက်လျက်ရှိသည်။

COVID-19 တိုက်ဖျက်ရေးအတွက် လာမည့် မွတ်ဆလင်ဥပုသ်လ ရာမာဒန် ကာလအတွင်း စုပေါင်းဝတ်ပြုဝါဖြေခြင်းများကို ပိတ်ပင်သွားမည်ဟု အီဂျစ်နိုင်ငံက ကြေညာထားသည်။

Twitter ကုမ္ပဏီကို တည်ထောင်သူ ဂျက်ဒေါ်ဆေး က အမေရိကန်ဒေါ်လာ တစ်ဘီလီယံဖိုး ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး လုပ်ငန်းများကို လှူမည်ဟု ကြေညာလိုက်သည်။

ဥရောပသမဂ္ဂ၏ ဗိုင်းရပ်စ်တုန့်ပြန်ရေး လုပ်ငန်းများကို အယုံအကြည်မရှိတော့သဖြင့် EU ထိပ်တန်း ဆေးသိပ္ပံပညာရှင် မော်ရိုဖာရာရီ ရာထူးမှ နုတ်ထွက်သွားခဲ့သည်။

ဗြိတိန်နိုင်ငံတွင် lockdown ခေါ် မြို့များကို ပိတ်ပြီး ရောဂါထိန်းချုပ်နေစဉ် ကာလအတွင်း လေထုညစ်ညမ်းမှု က ၆၀ ရာခိုင်နူန်းအထိ ကျဆင်းသွားကြောင်း သတင်းများက ဖော်ပြထားသည်။