News

POST TYPE

LATEST NEWS POST

စိုက်ပျိုးရေးစရိတ်ချေးငွေများကို အတိုးနှုန်းလျှော့ချကောက်ခံမည်
07-Apr-2020


ရန်ကုန်၊ ဧပြီ ၇

တောင်သူများထံထုတ်ပေးထားသော စိုက်ပျိုးစရိတ်ချေးငွေများကို အတိုးနှုန်းလျှော့ချကာ ပြင်ဆင်ကောက်ခံသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ထံမှ သိရသည်။

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် မြန်မာနိုင်ငံတစ်ဝန်းရှိ တောင်သူလယ်သမားများ၏ စိုက်ပျိုးရေးဆိုင်ရာကုန်ထုတ်အရင်းအနှီးများအတွက် နှစ်စဉ်ရာသီအလိုက် စိုက်ပျိုးစရိတ်ချေးငွေနှင့် စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးနှစ်ဆင့်ချေးငွေ (JICA Two Step Loan)၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာနှစ်ဆင့်ချေးငွေ (MEB Two Step Loan) တို့ကို ထုတ်ချေးပေးလျက်ရှိသည်။

စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ တောင်သူများအနေဖြင့် စိုက်ပျိုးရေးဆိုင်ရာချေးငွေများကို အတိုးနှုန်းသက်သာစွာဖြင့်ရရှိစေရေးအတွက် လက်ရှိထုတ်ချေးပေးလျက်ရှိသည့် စိုက်ပျိုးစရိတ်ချေးငွေနှင့် JICA Two Step Loan ချေးငွေ၊ MEB Two Step Loan ချေးငွေများအပေါ်ကောက်ခံသည့်အတိုးနှုန်းများကို အောက်ပါအတိုင်းလျှော့ချပြင်ဆင်ကောက်ခံသွားမည်ဖြစ်ကြောင်း ယင်းဘဏ်ထံမှ သိရသည်။

စိုက်ပျိုးစရိတ်ချေးငွေကို တစ်နှစ်အတိုးနှုန်း ၈ ရာခိုင်နှုန်းမှ ၇ ရာခိုင်နှုန်း၊ JICA Two Step Loan ချေးငွေ ၈ ရာခိုင်နှုန်းမှ ၆ ဒသမ ၅ ရာခိုင်နှုန်း၊ MEB Two Step Loan ချေးငွေကို ၉ ရာခိုင်နှုန်းမှ ၈ ရာခိုင်နှုန်းအထိ လျှော့ချကောက်ခံမည်ဖြစ်သည်။

ထို့ပြင် တောင်သူများ၏ စုဆောင်းအပ်နှံငွေအပေါ်ပေးမည့် အတိုးနှုန်းကိုလည်း ထုတ်ချေးငွေအပေါ် အတိုးနှုန်းနှင့် လိုက်လျောညီထွေဖြစ်စေရန် လက်ရှိအတိုးနှုန်း ၁ နှစ် ၈ ရာခိုင်နှုန်းမှ ၆ ဒသမ ၅ ရာခိုင်နှုန်းသို့ပြင်ဆင်မည်ဖြစ်ပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ထုတ်ချေးငွေနှင့် စုဆောင်းအပ်ငွေတို့ အပေါ်ပြင်ဆင်သည့် အတိုးနှုန်းသည် ၂၀၂၀ ပြည့်နှစ် ဧပြီလ ၁ ရက်နေ့မှ စတင်အကျိုးသက်ရောက် မည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ထံမှ သိရသည်။

S-07