News

POST TYPE

LATEST NEWS POST

ကယားတွင် စားသောက်ကုန်နှင့်စက်သုံးဆီဆိုင်များမှအပ ကျန်လုပ်ငန်းများ ရောင်းချခွင့် ရက် ၂ဝ ပိတ်ထားရမည်
06-Apr-2020

လွိုင်ကော်လမ်းမကြီးများနှင့် ဈေးအချို့ကို ဧပြီ ၅ ရက်နေ့က ပိုးသတ်ဆေးဖြန်းနေပုံ
ဓာတ်ပုံ-လွိုင်ကော်ပြန်ဆက်


တောင်ငူ၊ဧပြီ ၆

ကယားပြည်နယ် လွိုင်ကော်မြို့အပါအဝင် ပြည်နယ်တစ်ခုလုံးရှိ မြို့နယ်များတွင် ဧပြီ ၇ ရက်မှစတင်ကာ စားသောက်ကုန်နှင့်စက်သုံးဆီဆိုင်အပါအဝင် လုပ်ငန်းအချို့မှလွဲပြီး ကျန်လုပ်ငန်းများ ရက်ပေါင်း၂၀ ကျော်ယာယီပိတ်ထားရမည်ဖြစ်ပြီး မလိုက်နာပါက ဥပဒေအရ ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း ဧပြီလ ၆ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။

``စားသောက်ကုန်လို မရှိမဖြစ်လုပ်ငန်းတွေကလွဲရင် လုပ်ငန်းတော်တော်များများကို ယာယီပိတ်ခိုင်းလိုက်တဲ့သဘောပါ။ ဝန်ကြီးချုပ်ရုံးက စာလည်းထွက်ပြီဖြစ်သလို အသိပေးကြေညာတာလည်းလုပ်နေပါပြီ´´ဟု ဒီမော့ဆိုးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လှိုင်က ပြောကြားသည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မြန်ရောဂါသည် ကူးစက်မှု အလွန်မြန်ဆန်သဖြင့် ပြည်နယ်အတွင်းရှိ စားသောက်ကုန် ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းများ၊စက်သုံးဆီဆိုင်လုပ်ငန်းများ၊ ဆေးဝါးထုတ်လုပ်ရောင်းချသည့် လုပ်ငန်းများလျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးနှင့်ဘဏ်လုပ်ငန်းများမှလွဲ၍ ကျန်လုပ်ငန်းများ ဧပြီလ ၇ ရက်နေ့နံနက်မှ၂၄ ရက်နေ့ည ၁၂ နာရီအထိ ယာယီပိတ်ထာရမည်ဟု ကယားပြည်နယ် အစိုးရ၏ အမိန့်ကြေညာစာအမှတ် ၄/၂၀၂၀ တွင် ထည့်သွင်းဖော်ပြထားသည်။

အဆိုပါအမိန့်ကြေညာစာအရ မရှိမဖြစ် လုပ်ငန်းများမှလွဲ၍ ဟိုတယ်၊မိုတယ်၊အင်းများ တည်းခိုခန်းများ၊အဝတ်အထည်ရောင်းဝယ်ရေးလုပ်ငန်းများ၊ဆောက်လုပ်ရေးလုပ်ငန်းများသာမကဘုရားဖူးယာဉ်များ၊ခရီးသည်တင်နှင့် ခရီးသွားလုပ်ငန်းများ ရပ်နားရမည်ဖြစ်ပြီး ကုန်စည်သယ်ယူပို့ဆောင်ရေးယာဉ်နှင့်အိမ်စီးယာဉ်များသာ ဝင်ထွက်ခွင့်ရရှိမည်ဖြစ်ကာ အိမ်စီးယာဉ်တွင် လူ ၇ ယောက်ထက်ပိုမိုတင်ဆောင်ခြင်းမပြုရန် ကန့်သတ်လိုက်ခြင်းဖြစ်သည်။

``တည်းခိုခန့်က အခုရက်ပိုင်း လူအဝင်အထွက်လည်း မရှိပါဘူး။ကနေ့တော့ တည်းခိုခန်းပိတ်ထားဖို့အတွက် မြို့နယ်ကစာရောက်လာပြီ။ ကိုဗစ်ပြသနာဆိုတော့ ပိတ်ထားရမှာပေါ့´´ဟု လွိုင်ကော်မြို့ရှိ ကန္တရဝတီတည်းခိုးခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

R-02