News

POST TYPE

LATEST NEWS POST

အသုတ်စခန်းမှ ရဲတပ်ကြပ်ကြီးတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့်ပစ်ခတ်ကာသေဆုံး
05-Apr-2020


ပုသိမ်၊ ဧပြီ ၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ အသုတ်မြို့ နယ်မြေရဲစခန်းမှ ရဲတပ်ကြပ်ကြီးတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့်ပစ်ခတ်ကာ ဧပြီလ ၄ ရက်နေ့ မွန်းလွဲပိုင်းက သေဆုံးခဲ့ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

အသုတ်မြို့ နယ်မြေရဲစခန်းမှ ရဲတပ်သား အောင်မျိုးခန့်မှာ တာဝန်ထမ်းဆောင်ရန်အတွက် သေဆုံးသူ အသက် ၄၂ နှစ်ရှိ တပ်ကြပ်ကြီးဝင်းမင်းထွန်း၏ နေအိမ်လိုင်းခန်းကို သွားရောက်ခေါ်ဆောင်ရာမှ သေဆုံးသူသည် ၎င်း၏နေအိမ်လိုင်းခန်းအတွင်း မှောက်လျက်အနေအထားဖြင့် သေဆုံးနေသည်ကို စတင်တွေ့ရှိခြင်းဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့ရုံးမှ ဒုတိယရဲမှူးကြီးထွန်းရွှေက ပြောကြားသည်။

“ခြောက်လုံးပြူးသေနတ်နဲ့ပစ်ခတ်ပြီး သေဆုံးခဲ့တာပါ။ လူမှုရေးနဲ့ ငွေရေးကြေးရေးဆိုင်ရာ ပြဿနာတစ်စုံတစ်ရာ မရှိဘူးလို့ သိရတယ်" ဟု ၎င်းကဆိုသည်။

သေဆုံးသူ၏မိသားစုမှာ အခြားဒေသတွင်ရှိနေပြီး လိုင်းခန်း၌ တစ်ကိုယ်တည်းနေထိုင်သူဖြစ်ကာ ပါးစပ်မှနေ၍ ဝဲဘက်နားအနောက်ဘက်သို့ ပေါက်ထွက်ဒဏ်ရာရရှိကာ သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

သေဆုံးသူ ရဲတပ်ကြပ်ကြီးဝင်းမင်းထွန်းသည် စစ်ကိုင်းမြို့အခြေစိုက် အမှတ် (၃) ရဲလေ့ကျင့်ရေးသင်တန်းကျောင်းမှ ၂၀၁၉ ခုနှစ်၊ မတ်လအတွင်းက အသုတ်ရဲစခန်းသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

R-04