News

POST TYPE

LATEST NEWS POST

တည်နေရာမပေးပို့သည့် ကမ်းဝေးငါးဖမ်းရေယာဉ်များကို ငါးဖမ်းလိုင်စင်ပိတ်သိမ်းသည်အထိ အရေးယူမည်
04-Apr-2020


ရန်ကုန်၊ ဧပြီ ၄

မြန်မာ့ပင်လယ်ပြင်အတွင်း ငါးဖမ်းဆီးသည့် ကမ်းဝေးငါးဖမ်း/ငါးသယ်ရေယာဉ်များထဲမှ တည်နေရာသတင်းအချက်အလက် ပေးပို့ခြင်းမရှိသည့်ရေယာဉ်များကို ငါးဖမ်းလိုင်စင်ပိတ်သိမ်းသည်အထိ အရေးယူသွားမည်ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။

ငါးလုပ်ငန်းဦးစီးဌာနသည် ငါးဖမ်းလှေစောင့်ကြည့်ကိရိယာစနစ် (VMS) ကိရိယာများတပ်ဆင်ပြီးသည့် ကမ်းဝေးငါးဖမ်း/ငါးသယ်ရေယာဉ်များကို VMS Control Center များမှ စောင့်ကြည့်ထိန်းချုပ်ခြင်း လုပ်ငန်းများကိုဆောင်ရွက်လျက်ရှိပြီး ကမ်းနီးဧရိယာ၊ လန်ပိကျွန်းဧရိယာနှင့် တားမြစ်ငါးဖမ်းကွက်များအတွင်း ဝင်ရောက်ငါးဖမ်းဆီးသည့်ရေယာဉ်များကို အမြန်ဆုံးထွက်ခွာစေရန် သတိပေးကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း ယင်းဌာနထံမှ သိရသည်။

အချို့ရေယာဉ်များသည် တည်နေရာသတင်းအချက်အလက်ပေးပို့မှု ပြတ်တောက်စေရန်ရည်ရွယ်၍ စက်ဖြုတ်ခြင်း၊ စက်ပိတ်ခြင်းနှင့် Battery ဖြုတ်ခြင်းတို့ကြောင့် အချို့ရေယာဉ်များမှာလှေနစ်မြုပ်ခြင်း၊ မီးလောင်ပျက်စီးခြင်း၊ လုပ်ငန်းရပ်နားခြင်း၊ အကြီးစား/အသေးစားပြင်ဆင်ခြင်းနှင့် VMS စက်ချို့ယွင်းခြင်း တို့ကြောင့် ငါးလုပ်ငန်းဦးစီးဌာန၏ VMS Software သို့တည်နေရာ သတင်းအချက်အလက် ပေးပို့နိုင်ခြင်းမရှိကြောင်း စိစစ်တွေ့ရှိရကြောင်း ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။

"ငါးလုပ်ငန်းဦးစီးဌာနကထုတ်ပြန်တဲ့ညွှန်ကြားချက်ကို ငါးဖမ်းရေယာဉ်တွေ လေးလေးစားစားလိုက်နာစေချင်တယ်။ ဒါမှလည်း ငါးဖမ်းလုပ်ငန်းရှင်တွေ အေးချမ်းမှာ။ မြန်မာနိုင်ငံ ပင်လယ်ငါးဖမ်းလုပ်ငန်းရှင်အသင်းအနေနဲ့လည်း အကြိမ်ကြိမ်မေတ္တာရပ်ခံထားတယ်" ဟု မြန်မာနိုင်ငံ ပင်လယ်ငါးဖမ်းလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမောင်မောင်စိုးက ပြောကြားသည်။

ကမ်းဝေးငါးဖမ်း/ငါးသယ်ရေယာဉ်များသည် ၂၄ နာရီပတ်လုံးစက်ဖွင့်ထားရမည်ဖြစ်ကာ ရေယာဉ်၏ တည်နေရာ သတင်းအချက်အလက်ကို ငါးလုပ်ငန်းဦးစီးဌာန၏ VMS Software သို့ ပုံမှန်သတင်းပေးပို့ နေရမည်ဖြစ်သော်လည်း ရေယာဉ်၏တည်နေရာသတင်းအချက်အလက်ပေးပို့မှု ပြတ်တောက်စေရန် ဆောင်ရွက်လျက်ရှိသည့် ရေယာဉ်များကို စာဖြင့်သတိပေးသွားမည်ဖြစ်ကာ ရေယာဉ်ပိုင်ရှင်နှင့် ရေယာဉ်မှူးများကိုလည်း မြန်မာ့ပင်လယ်ငါးလုပ်ငန်း ဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနက ကြေညာထားသည်။

သို့ဖြစ်၍ ကမ်းရိုးတန်းရှိ တိုင်းဒေသကြီး/ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနများအနေနှင့် မိမိတို့ဒေသတွင်း အခြေပြုလုပ်ကိုင်လျက်ရှိသည့် ၄နာရီထက်ကျော်လွန်၍ တည်နေရာသတင်းအချက် အလက်ပေးပို့ခြင်းမရှိသည့် ရေယာဉ်များ၏ ပိုင်ရှင်များကို သက်ဆိုင်ရာငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် ငါးလုပ်ငန်းအသင်းအဖွဲ့များကို ရေယာဉ်မှ တည်နေရာသတင်းအချက်အလက်ကို VMS Software သို့ ပြန်လည်ပေးပို့ချိတ်ဆက်စေရေး စာနှင့်အထူးသတိပေး ကြပ်မတ်ဆောင်ရွက်သွားရန် ငါးလုပ်ငန်းဦးစီးဌာနက သတိပေးကြေညာထားသည်။

S-07