News

POST TYPE

LATEST NEWS POST

ကမ္ဘောဇဘဏ် နာမည်အသုံးပြု ငွေလိမ်သူကို ဆယ်သွယ်ရေး ဥပဒေပုဒ်မဖြင့် အမှုဖွင့်
04-Apr-2020

ထားဝယ်၊ ဧပြီ ၃

ထားဝယ်မြို့ဒေသခံ အချို့ကို ကမ္ဘောဇဘဏ် နာမည်အသုံးပြုပြီး အွန်လိုင်းမှတဆင့် ငွေကြေးလိမ်လည်သူ ဧရာဝတီတိုင်း မြန်အောင်မြို့မှ အသက် ၂၀ ဝန်းကျင် လူငယ်တစ်ဦးအား ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဂ) ဖြင့် အမူဖွင့်ထားကြောင်း ထားဝယ်မြို့မရဲစခန်းထံမှ သိရသည်။

အဆိုပါ ငွေကြေးလိမ်သူသည် ဖုန်းမှတဆင့် KBZ Pay အချက်အလက်များတောင်းယူကာ ငွေကျပ်သုံးသိန်း လိမ်လည် ထုတ်ယူသွားသူဖြစ်သည်ဟုဆိုကာ ထားဝယ်မြို့ ဆန်းချီတိုးချဲ့မြို့သစ်ရပ်ကွက်က အွန်လိုင်းစျေးရောင်းသူတစ်ဦးက တိုင်ကြားသဖြင့် ဖမ်းဆီးကာ အမှုဖွင့်ထားခြင်း ဖြစ်သည်။

ငွေကြေးလိမ်လည်ခဲ့သည်မှာ ဖေဖော်ဝါရီလ နောက်ဆုံးအပတ်ကဖြစ်ပြီး ရဲတပ်ဖွဲ့က ဖမ်းဆီးရမိသည်မှာ မတ်လ ၃၀ ရက်ဖြစ်ကြောင်း ယင်းအမူကို ကိုင်တွယ်သည့် ထားဝယ်မြို့့မရဲစခန်းမှ ရဲအုပ်ကျော်မင်းဦးက ပြောသည်။

ဧရာဝတီတိုင်း မြန်အောင်မြို့ရှိ ကမ္ဘောဇဘဏ် လုံခြုံရေးကင်မရာမှတဆင့် ငွေလိမ်လည်သည်ဟုဆိုသော လူငယ်အား ခြေရာခံမိပြီး ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း ရဲအုပ်ကျော်မင်းဦးက ပြောသည်။

“အခု သူက ထားဝယ်အကျဉ်းထောင်မှာပါ။ ရမန်ယူပြီး စစ်ဆေးနေတုန်းပဲ ရှိပါသေးတယ်။ ပြီးရင်တော့ တရားစွဲတင်တော့မှာပါ” ဟု ၎င်းက ဆိုသည်။

ဖမ်းမိရန်အတွက် ရဲတပ်ဖွဲ့အပါအဝင် ကမ္ဘောဇဘဏ်(ထားဝယ်ဘဏ်ခွဲ ၁)ကလည်း ပူးပေါင်းဆောင်ရွက်ပေးခဲ့သဖြင့် ယင်းကဲ့သို့ ငွေလိမ်သူအား ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း တိုင်ကြားထားသူ မဇာဇာက ပြောသည်။

ကမ္ဘောဇဘဏ်နာမည်အသုံးပြုပြီး ငွေလိမ်ခံရသူမှာ ထားဝယ်မြို့့တွင် အနည်းဆုံးနှစ်ဦးရှိသော်လည်း အမှုဖွင့်ထားသူမှာ တစ်ဦးသာရှိကြောင်း ရဲအုပ်ကျော်မင်းဦးက ပြောသည်။

ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဂ) သည် ဆယ်သွယ်ရေးကွန်ယက်တစ်ခုခုကို အသုံးပြုပြီး ငွေကြေးနှင့် ပစ္စည်းတစ်ရပ်ရပ် ကို  ခိုးယူခြင်း၊ လိမ်လည်ခြင်း၊ အလွဲသုံးစားပြုခြင်း(သို့မဟုတ်) အကျိုးပျက်စီးစေခြင်းတို့ကို အရေးယူသည့် ပုဒ်မတစ်ခုဖြစ်ပြီး ယင်းပုဒ်မကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှာလျှင် သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ ငွေဒဏ်ဖြစ်စေ (သို့မဟုတ်) ဒဏ်နှစ်ရပ်စလုံးဖြစ်စေ အမိန့်ချမှတ်နိုင်ကြောင်း ဆက်သွယ်ရေး ဥပဒေတွင် ဖော်ပြထားသည်။

Dawei Watch