News

POST TYPE

LATEST NEWS POST

ပြည်ပမှပြန်လာသူများ KNU ထိန်းချုပ်နယ်မြေတွင် ထုတ်ပြန်ချက်များမလိုက်နာက အချုပ်နှင့် ငွေဒဏ်ချမှတ်မည်
30-Mar-2020
တောင်ငူ၊ မတ် ၃၀

လက်တလောကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားနေသည့်အတွက် ပြည်ပနိုင်ငံများမှ ပြန်လာသူများအနေဖြင့် KNU ထိန်းချုပ်နယ်မြေများတွင် ထုတ်ပြန်ထားသည့် စည်းကမ်းချက်များကိုမလိုက်နာပါက အချုပ်ဒဏ်နှင့်ငွေဒဏ်ချမှတ်ခံရမည်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး ထုတ်ပြန်ချက်များအရသိရသည်။

Covid-19 ကူးစက်မြန်ရောဂါနှင့်ပတ်သက်၍ KNU ထိန်းချုပ်နယ်မြေများတွင် ပြည်ပနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူများသည် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများထံ ချက်ချင်းသတင်းပို့ရမည်ဖြစ်ပြီး မိမိတို့နေအိမ် သို့မဟုတ် ရွာအပြင် သီးသန့်ထားရှိသည့် နေရာများတွင် ၁၄ ရက် တိတိ
စောင့်ကြည့်မှုခံယူရမည်ဖြစ်ပြီး ပြင်ပနေရာများ သွားလာခြင်း ခွင့်မပြုကြောင်း KNU တပ်မဟာ ၁ နယ်မြေသထုံခရိုင်မှ ထုတ်ပြန်ချက်တွင်ဖော်ပြပါရှိသည်။

“ကျွန်တော်တို့ ဒေသမှာတော့ ပြည်ပကပြန်လာသူကို ၁၄ ရက် ကွာရီတိုင်းယူဖို့ နားလည်သဘောပေါက်အောင်ရှင်းပြတယ်။တချို့ဒေသက သူတို့ နယ်မြေအနေထားအရ လုပ်တာမျိုးဖြစ်မှာပါ။တောင်ငူခရိုင်မှာလည်း ပြည်ပက ပြန်လာသူတွေအတွက် စာထုတ်ပြန်ထားတယ်” ဟု တောင်ငူခရိုင် ကရင်အမျိုးသား အစည်းအရုံး KNU  ဥက္ကဌ ဖဒိုစောအဲဝါးက ပြောကြားသည်။

ယင်းကဲ့သို့ စောင့်ကြည့်နေထိုင်နေသူများသည် နှစ်ပတ်တာကာလအတွင်းနေမကောင်းဖြစ်ပါက သက်ဆိုင်ရာကျန်းမာရေးဌာနကို အကြောင်းကြားရမည်ဖြစ်ကြောင်း၊နယ်မြေအတွင်းရှိနေအိမ်များတွင် လက်ဆေးကန် သို့မဟုတ် လက်ဆေးရန်နေရာများထားရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ထည့်သွင်းဖော်ပြထားသည်။

သထုံခရိုင် ကရင်အမျိုးသားအစည်းအရုံး ထုတ်ပြန်ချက်တွင် ဖော်ပြထားသည့် စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ခြင်းမပြုပါက ဆယ့်လေးရက် အချုပ် (ထိပ်တုံး ၄ ရက်)နှင့်ငွေဒဏ် ကျပ်သုံးသိန်း ပေးဆောင်ရမည်ဖြစ်ပြီး အခြေအနေပေါ်မူတည်ပြီး အမိန့် ညွှန်ကြားချက်များကို လိုအပ်သလို တင်းကြပ်စွာ ချမှတ်သွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

ကရင်အမျိုးသား အစည်းအရုံး KNU လက်အောက် တပ်မဟာ ၁ ၊ တပ်မဟာ၂ ၊ တပ်မဟာ ၃ ၊ တပ်မဟာ ၄၊ တပ်မဟာ ၆၊ တပ်မဟာ ၇ တို့ရှိနေပြီး တပ်မဟာ၂ နယ်မြေသည် တောင်ငူခရိုင်စစ်တောင်းမြစ် အရှေ့ဘက်ကမ်းကို သတ်မှတ်ထားပြီး ထန်းတပင်မြို့နယ်ယောက်သဝချောင်းကို တပ်မဟာ ၃ နှင့် တပ်မဟာ၂ ကို ပိုင်းခြားထားခြင်းဖြစ်သည်။

လက်တလောတွင် ကရင်ပြည်နယ် နှင့်ပဲခူးတိုင်းဒေသကြီးနယ်စပ် ကျောက်ကြီးမြို့နယ်အနီး KNU လက်နတ်ကိုင်အဖွဲ့များအခြေစိုက်ရာ စပ်လဲရေတံခွန်နှင့် သံတောင်ကြီးမြို့နယ် နော်ဘူဘောတောင်ကို ခရီးသွားဧည့်သည်များလာရောက်လည်ပတ်ခွင့် မတ်လ ၂၀ ရက်နေ့က စတင်ရပ်ဆိုင်းခဲ့သည် ဟု KNU နယ်မြေခံ တပ်ရင်းမှ ထုတ်ပြန်ချက်အရသိရှိရသည်။

R-02