News

POST TYPE

LATEST NEWS POST

ပြည်ပပြန်များအတွက် စောင့်ကြည့်စခန်းဖွင့်ခြင်းကို ဆန္ဒပြကန့်ကွက်သည့်မအူပင်သားများ အမှုဖွင့်ခံရ
29-Mar-2020


ပုသိမ် ၊ မတ် ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့ ၌ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသည့်သူများအား စောင့်ကြည့်စောင့်ရှောက်ရေးစခန်း ဖွင့်လှစ်ခြင်းကို ဆန္ဒပြကန့်ကွက်ခဲ့သူများအား ငြိမ်းစုစည်ဥပဒေပုဒ်မ ၁၉ ဖြင့် အမှုဖွင့်လိုက်ပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

မအူပင်မြို့ အ.ထ.က ၁ ၌ ယင်းသို့စခန်းဖွင့်လှစ်ခြင်းကို ဒေသခံ ၁၀၀ ခန့်က မတ် ၂၈ ရက် ည ၉ နာရီအချိန်မှ စတင်ကာစီတန်း မြို့တွင်းလှည့်လည်၍ ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။



"ညဘက်မှာ ဆန္ဒပြကြတာဖြစ်ပါတယ်၊ ဒေသန္တရစည်းကမ်းတွေကို လည်းချိုးဖောက်တာ ဖြစ်တယ် ဦးဆောင်တဲ့သူကို ရဲစခန်းမှာ ငြိမ်းစုစည်းဥပဒေနဲ့ အမှုဖွင့် ထားပါပြီး၊ တရားဥပဒေနဲ့ အညီအရေးယူမှာပါ" တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှ ဒုတိယရဲမှူးထွန်းရွှေ က The Voice ကိုပြောသည်။

မအူပင် အ.ထ.က ၁ စောင့်ကြည့်စောင့်ရှောက်ရေးစခန်း တည်ရှိသည့် မအူပင်မြို့ အမှတ် ၆ ရပ်ကွက်အတွင်း နေထိုင်သူ ၁၀၀ ခန့် ပါဝင်သော အဖွဲ့ကို ဦးမင်းဇော် ဆိုသူ က ဦးဆောင်၍ ဆန္ဒဖော်ထုတ်ခြင်းဖြစ်ကြောင်း၊ ဆန္ဒဖော်ထုတ်လိုခြင်းနှင့် ပါတ်သက်၍ သက်ဆိုင်ရာသို့ ကြိုတင် အကြောင်းကြားတင်ပြခြင်းမရှိကြောင်း ၊ COVID 19 လူနာများကို မအူပင် အ.ထ.က( ၁) ၌ ထားရှိခြင်းကို ကန့်ကွက်ကြောင်း ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ကြွေးကြော်ဟစ်အော်၍ စီတန်းလှည့်လည်ဆန္ဒပြခဲ့ခြင်း ဖြစ် ကြောင်း ၎င်းကဆိုသည်။

မအူပင်မြို့ အ.ထ.က ၁ တွင် ပြည်ပမှပြန်လာသူများကို ထားရှိရန် စီစဉ်ထားသော်လည်း လက်ရှိတွင်ထားရှိခြင်းမရှိသေးကြောင်း ဆန္ဒပြခဲ့သူများပြောသကဲ့သို့ သံသယလူနာများကို ထားရှိရန် မဟုတ်ဘဲ ပြည်ပကပြန်လာသည့်သူများကို ၁၄ ရက် စောင့်ကြည့်ရန်သာဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဌာနက တာဝန်ရှိသူကပြောသည်။



ဆန္ဒပြသူများမှာ မအူပင်မြို့ ရွှေဘုန်းမြင့်ဘုရားအနောက်မှ စတင်၍ အမှတ် ၆ ရပ်ကွက်ရှိ မအူပင် အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းရှေ့ထိ စီတန်းလှည့်လည်ကာ COVID – 19 လူနာများကို အ.ထ.က (၁) စာသင်ကျောင်းတွင်ထားရှိခြင်းအားကန့်ကွက်ကြောင်း ဆိုင်းဘုတ်များကိုင်ဆောင်ကြွေးကြော်၍ ဆန္ဒပြကြကြောင်း မြို့ခံများ ကပြောဆိုသည်။

မတ်လ ၂၈ ရက်နေ့အထိ မအူပင်ခရိုင်အတွင်း ပြည်ပနိုင်ငံများမှ ပြန်လာသူ ၄၈၆ ဦးရှိပြီး မြို့ပေါ် စာသင်ကျောင်းများသာမကကျေးရွာများရှိ စာသင်ကျောင်းတွင်လည်း စောင့်ကြည့်စောင့်ရှောက်ရေးစခန်းများ ထားရှိ၍ စောင့်ကြည့်စောင့်ရှောက်ထားကြောင်း တိုင်းအစိုးရထံ မှသိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံတွင် Covid 19 ကူးစက်ခံရသူ ၈ ဦးအထိရှိနေပြီး ကမ္ဘာတဝှမ်းကူးစက်ခံရသူ ၆ သိန်းကျော်ရှိပြီး သေဆုံးသူ ၃ သောင်းကျော်ရှိပြီဖြစ်သည်။

မောင်မျိုးထက်(ပု သိမ်)R-04