News

POST TYPE

LATEST NEWS POST

၀မ်းတွင်းတွင် ပြည်တော်ပြန်များကို ဒေသန္တရအမိန့်ထုတ်၍ စောင့်ကြည့်မည်
29-Mar-2020
မိတ္ထီလာ၊ မတ် ၂၈

ဝမ်းတွင်းမြို့နယ်သို့ ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများသည် Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါပြန့်ပွားမှု မရှိစေရေးအတွက် ကာကွယ်ထိန်းချုပ် ကန့်သတ်နိုင်ရန် မတ်လ ၂၈ ရက်နေ့က ဒေသန္တရအမိန့် ထုတ်ပြန်လိုက်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရသည်။              

အဆိုပါ ထုတ်ပြန်ချက်အရ ပြည်ပနိုင်ငံများမှ တရားဝင်/တရားမဝင် ပြန်လည်ရောက်ရှိလာသူများသည် မိမိတို့ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများထံ သတင်းပို့၍ ကျန်းမာရေးဌာန၏ စစ်ဆေးမှုကို မပျက်မကွက်ခံယူရန်၊ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာတွေ့ရှိပါက သတ်မှတ်ထားသော ဆေးရုံတစ်ခုခုတွင် ကုသမှု ခံယူ၍လည်းကောင်း၊ ရောဂါလက္ခဏာမတွေ့ရှိပါက သတ်မှတ်ထားသော Community Quarantine Center တွင် ၁၄ ရက် စောင့်ကြည့်မှုမပျက်မကွက်ခံယူရန်၊ အဆိုပါစောင့်ကြည့်မှုကို ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးထံ သတင်းပေးပို့သည့်နေ့မှစတင် ရေတွက်ရန်၊ ပြည်သူများအနေနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ  အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ထားသော သတိပေးချက်များကို တိကျစွာလိုက်နာ ဆောင်ရွက်ရန်၊ ပတ်ဝန်းကျင်တွင်သံသယ လူနာတွေ့ပါက သက်ဆိုင်ရာသို့အမြန်ဆုံး သတင်းပို့ရန်၊ အများပြည်သူများ စိုးရိမ်ထိတ်လန့်စေမည့် မမှန်သတင်းကောလာဟလများကို ဖြန့်ဝေခြင်းနှင့် Social Media ကို အသုံးပြု၍ ရေးသားဖန်တီး ခြင်းမပြုရန်၊ ဒေသန္တရအမိန့်ကို လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေများနှင့်အရေးယူမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။   

"သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးတွေက ကိုယ့်အစီအစဉ်နဲ့ကိုယ်နေရာ လုပ်မယ်။ ကျွန်တော်တို့ ၂၂ ရက်နေ့က ဖွဲ့တဲ့အဖွဲ့က အလှူငွေတွေ ရထားတာရှိတယ်။ အဲဒီမှာ ကျွန်တော်တို့ ဘာတွေ အကူအညီပေးရမလဲ။ ပြင်ဆင်ပြီးတဲ့အခါ  အားလုံး Camp ထဲကိုဝင်ရမယ်။ Quarantine ဝင်ရတဲ့သူတွေကို ခွဲခြားဆက်ဆံမှုမလုပ်ဖို့။ အဓိက သူတို့သည် ရောဂါပိုးရှိလို့ မဟုတ်ဘူး။ ထိန်းချုပ်ဖို့လိုလို့။ ပကတိအမျိုးသားရေးအသိနဲ့ နေဖို့လိုတဲ့အကြောင်း သိဖို့လိုတယ်" ဟု တိုင်းဒေသကြီး(၁) လွှတ်တော်ကိုယ်စား လှယ် ဦးစိုးမင်းထက် ကပြောကြားသည်။                                            

ဝမ်းတွင်းမြို့နယ်အတွင်းသို့ တရုတ်နှင့်ထိုင်းနိုင်ငံတို့မှ ပြန်လာသော ပြည်တော်ပြန် အရေအတွက်သည် မတ်လ ၂၇ ရက်နေ့ ညပိုင်းအထိ ၈၈၁ ဦးခန့်ရှိကြောင်း   ဆက်လက်ရောက်ရှိလာဦးမည်ဖြစ်ကြောင်း ဝမ်းတွင်းမြို့နယ်တွင် ပင်းတလဲ တဲစုကျေးရွာများတွင် ပြည်တော်ပြန် အများဆုံးရှိနေကြောင်း ယင်းနေရာများကို ထိန်းချုပ်နိုင်ကြောင်း လက်ရှိအနေအထားအရ မြို့နယ်ကို ထိန်းသိမ်းထားနိုင်ကြောင်း ၎င်းက ရှင်းပြသည်။                               

ဝမ်းတွင်းမြို့ပေါ်တွင် ခုတင် ၅၀ ဆေးရုံတစ်ရုံနှင့် ပင်းတလဲ။ နေပူကုန်း နှင့် ညောင်ဦးဖီးကျေးရွာတို့တွင် ၁၆ ခုတင် တိုက်နယ်ဆေးရုံ သုံးခုခန့် ရှိနေကြောင်း။ မြို့နယ်တစ်ခုလုံးတွင် လူဦးရေ  ၂၃၉,၃၁၅ ဦးခန့် ရှိကြောင်း အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ စုံစမ်းသိရှိရသည်။

R-01