News

POST TYPE

LATEST NEWS POST

ပြင်သစ်တွင်လည်း သေဆုံးသူဦးရေ မြင့်တက်၊ စပိန်က ဥရောပ၌ အီတလီပြီးလျှင် အဆိုးဆုံးအဆင့်တွင်ရှိ
29-Mar-2020


ပဲရစ်၊ မတ် ၂၈

ပြင်သစ်နိုင်ငံတွင် သောကြာနေ့က ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂၉၉ ဦးအထိ မြင့်တက်ခဲ့ရာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဗိုင်းရပ်စ်စတင်ကူးစက်ဖြစ်ပွား သည့်အချိန်မှစ၍ သေဆုံးသူ ၁၉၉၅ ဦးရှိသွားပြီဖြစ်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။ 

ထိုသို့ တစ်ရက်တည်းသေဆုံးသူ  ၂၉၉ ဦးထိရှိခဲ့သည့်အတွက် ပြင်သစ်အစိုးရက တစ်နိုင်ငံလုံးကို နှစ်ပတ်တိတိထပ်မံ Lockdown လုပ်သွားမည်ဖြစ်ကြောင်း ကြေညာသည်။ 

ပြင်သစ်ကျန်းမာရေးဌာန၏ ထုတ်ပြန်ချက်အရ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေမှာ နေ့စဉ် ၁၈ ရာခိုင်နှုန်းခန့်မြင့်တက်လျက်ရှိသည်ဟု ဆိုသည်။ 

ထိုသို့ နေ့စဉ် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေကို ထုတ်ပြန်ရာတွင် ဆေးရုံများ၌သေဆုံးမှုများကိုသာ အခြေခံထားခြင်းဖြစ်ကြောင်း၊ နေအိမ်များတွင် သေဆုံးမှု များကိုထည့်တွက်လျှင် သေဆုံးမှုနှုန်း မြင့်တက်လာမည်သာဖြစ်ကြောင်း Reuters သတင်းကဆိုသည်။ 

ယမန်နေ့ကပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ကျန်းမာရေးအေဂျင်စီ ဒါရိုက်တာဂျီရိုမီဆော်လမွန်က ယခုအခါ ရောဂါကူးစက်ခံရသူပေါင်း ၃၂,၉၆၄ ဦး ရှိကြောင်း၊ ယင်းသည် ၂၄ နာရီအတွင်း ၁၃ ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်ကြောင်း ပြောကြားသည်။ 

လက်ရှိအနေအထားတွင် လူပေါင်း ၃,၇၈၇ ဦးမှာ ရောဂါလက္ခဏာအလွန် ပြင်းထန်ဆိုးရွားလျက်ရှိသည်ဟု ၎င်းကပြောကြားသည်။ 

ပြင်သစ်နိုင်ငံတွင်ရှိသော ဆေးရုံခုတင်နေရာ ၈၀ဝ၀ တွင် ထက်ဝက်ခန့်နီးပါးသာ အသက်ရှူစက်များတပ်ဆင်ထားရာ အထူးကြပ်မတ်ကုသမှုပေးရမည့်သူဦးရေ ဆက်လက်မြင့်တက်လာမည်ဆိုပါက အခက်အခဲတွေ့နိုင်ကြောင်း ၎င်းကဆိုသည်။ 

ယခုအခါ ကမ္ဘာပေါ်တွင် ဥရောပတောင်ပိုင်းဒေသသည် ကိုရိုနာဗိုင်းရပ်စ် အဆိုးဆုံးကူးစက်ဖြစ်ပွားနေသည့် ဗဟိုချက်ဖြစ်ပြီး ယင်းအနက် အီတလီနိုင်ငံသည် သေဆုံးမှုနှုန်း အမြင့်မားဆုံးဖြစ်သည်။ 

အီတလီပြီးလျှင် စပိန်နိုင်ငံသည်လည်း ဒုတိယအဆိုးဆုံးနေရာတွင်ရှိပြီး ဗိုင်းရပ်စ်ကြောင့် ကူးစက်ခံရသူ ၆၅,၇၁၉ ဦးရှိပြီး၊ သေဆုံးသူ ၅၁၃၈ ဦးရှိကြောင်း မတ်လ ၂၈ ရက်နေ့တွင်ရရှိသော သတင်းများအရ သိရသည်။

F-01