News

POST TYPE

LATEST NEWS POST

အီတလီတွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ စံချိန်တင်၊ သို့သော် ကူးစက်ခံရမှုနှုန်းမှာ အမေရိကထက်လျော့နည်း
29-Mar-2020


ရောမ၊ မတ် ၂၈

အီတလီနိုင်ငံတွင် မတ်လ ၂၇ ရက်နေ့ တစ်ရက်တည်းတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၉၁၉ ဦးထိ စံချိန်တင်မြင့်တက်ခဲ့ရာ ယခုအခါ ယင်းရောဂါစတင် ဖြစ်ပွားသည့်အချိန်မှစ၍ သေဆုံးသူ စုစုပေါင်း ၉၀ဝ၀ ထိရှိသွားပြီဖြစ်ကြောင်း၊ အဆိုပါပမာဏသည် တရုတ်နိုင်ငံတွင် သေဆုံးသည့်ဦးရေထက် နှစ်ဆကျော်များပြီး ဗိုင်းရပ်စ်ကူးစက်ခံရသည့် နိုင်ငံများတွင် သေဆုံးမှုအမြင့်ဆုံးနိုင်ငံဖြစ်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြထားသည်။ 

အီတလီနိုင်ငံသည် လွန်ခဲ့သည့် သီတင်းပတ်ငါးပတ်၊ ဗိုင်းရပ်စ်ကူးစက်မှု အဆမတန်မြင့်တက်ခဲ့သည့်အချိန်မှစ၍  ကြီးမားပြင်းထန်သည့် ကန့်သတ်မှုများကို  သတ်မှတ်ပြဋ္ဌာန်းခဲ့သော အနောက်ဥရောပနိုင်ငံတစ်နိုင်ငံဖြစ်သည်။ အီတလီသည် သီတင်းပတ်တစ်ပတ်ထက် တစ်ပတ်ပို၍ တင်းကျပ်မှုများ ပြုလုပ်ခဲ့ရာပြီးခဲ့သည့် သောကြာနေ့တွင် လုံးလုံးလျားလျားမလုပ်မဖြစ်သောကိစ္စမှလွဲ၍ ကျန်သွားလာလှုပ်ရှားမှုများအားလုံးကို တားမြစ်ပိတ်ပင်ခဲ့သည်။ 

သို့သော် အမေရိကန်ပြည်ထောင်စုမှာ အီတလီနိုင်ငံထက် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုနှုန်း မြင့်မားပြီး ယခုဆိုလျှင်  ဖြစ်ပွားသူပေါင်းတစ်သိန်းကျော်သွားပြီ ဖြစ်သည်။ အီတလီမှာ ၈၆,၄၉၈ ဦး ကူးစက်ခံထားရသည်။ 

"အဆမတန်ဖြစ်တဲ့၊ အထွတ်အထိပ် အနေအထားကို ကျွန်တော်တို့ အီတလီမရောက်သေးဘူး၊ အမြင့်ဆုံးအပိုင်းကို မဖြတ်သန်းသေးဘူး"ဟု အီလတီနိုင်ငံ Superior Health Institute ၏ အကြီးအကဲ ဆီလ်ဗီယိုဘရူဆာဖာရိုက သတင်းထောက်များကို ပြောကြားသည်။ 

သို့သော်လည်း လွန်ခဲ့သည့် ၂၄ နာရီကာလအတွင်း ကူးစက်ခံရသူဦးရေ  လျော့ကျသည့်အရိပ်လက္ခဏာများကိုတွေ့ရကြောင်း ၎င်းကဆိုသည်။ 

အီတလီကျန်းမာရေးကောင်စီမှ အကြီးအကဲဖြစ်သူ ဖရန်ကိုလိုကာတီလီကမူ သွားလာလှုပ်ရှားမှု ကန့်သတ်ချက်များကို သတ်မှတ်ထားသည့်ကာလထက် ပိုမို  အချိန်တိုးမြှင့် သတ်မှတ်သင့်ကြောင်း ပြောကြားသည်။ 

"အခု၊ ဒီကနေ့ရထားတဲ့ ကိန်းဂဏန်းတွေ၊  အချက်အလက်တွေကိုသုံးပြီး  ဆုံးဖြတ်ရမယ်ဆိုရင် အဲဒီသွားလာလှုပ်ရှားမှု ကန့်သတ်ထိန်းချုပ်တဲ့ ပြဋ္ဌာန်းချက်တွေကို အကြာကြီးဆက်သုံးရဦးမယ်လို့ပဲ ပြောရမှာပဲ"ဟု ၎င်းက ဆက်လက်ပြောကြားသည်။ 

အီတလီတွင် သောကြာနေ့တစ်ရက်တည်း ရောဂါကူးစက်ခံရသူ ၅,၉၅၉ ဦး ထိရှိခဲ့ရာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၈၆,၄၉၈ ဦးရှိသွားပြီဖြစ်သည်။ 

ယင်းပမာဏသည်လည်း တရုတ်နိုင်ငံတွင် ကူးစက်ခံရသည့်ပမာဏထက် ပိုမိုများပြားသည်။ အီတလီတွင် စာသင်ကျောင်းများနှင့် တက္ကသိုလ်များအားလုံးကို  မတ်လ ၅ ရက်နေ့မှစ၍ ဧပြီလ ၃ ရက်နေ့ အထိပိတ်ထားခဲ့သည်။ 

"ကျောင်းသားကျောင်းသူတွေ အနေနဲ့ လုံခြုံစိတ်ချရတဲ့အခါကျမှ ကျောင်းကို စိတ်ချလက်ချပြန်တက်နိုင်ဖို့ ရည်ရွယ်ထားပါတယ်"ဟု ၎င်းက ပြောကြားသည်။ 

F-01