News

POST TYPE

LATEST NEWS POST

ရှမ်းမြောက်ဒေသတိုက်ပွဲများအတွက် အရေးကြီးအဆိုတင်
နေပြည်တော်၊ နိုဝင်ဘာ ၂၉

ရှမ်းပြည်နယ် အရှေ့မြောက်ဒေသတွင် တိုက်ပွဲများ ဖြစ်ပွားနေမှုနှင့် ပတ်သက်၍ စိုးရိမ်ကြောင်း အရေးကြီးအဆိုကို  နိုဝင်ဘာ ၂၉ ရက်နေ့က ပြုလုပ်သော ပြည်သူ့လွှတ်တော်သို့ တင်သွင်းလိုက်ဖြစ်သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်  ဒေါက်တာမောင်သင်းက အပြစ်မဲ့ပြည်သူများ သေကြေ ဒဏ်ရာရခြင်း၊ အိုးအိမ် စွန့်ခွာစစ်ပြေးဒုက္ခသည်ဘ၀ ရောက်ခြင်းနှင့်  အချုပ်အခြာတည်မြဲမှု၊ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးနှင့်
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တို့ကို  ထိခိုက်စေခြင်းတို့ကို  စိုးရိမ်ကြောင်း အရေးကြီးအဆိုကို လွှတ်တော်သို့ တင်သွင်းလိုက်သည်.

"မူဆယ်၊ ကွတ်ခိုင်မြို့နယ် အတွင်း မှာရှိတဲ့ တပ်စခန်းများ၊ ၁၀၅ မိုင်ကုန် သွယ်ရေးစခန်းတို့အား ပူးပေါင်းအဖွဲ့တို့မှ လာရောက် ပစ်ခတ်တဲ့အတွက်ကြောင့် ပြည်သူ့ရဲ၊ တပ်မတော်သား၊ ၀န်ထမ်းနဲ့ အပြစ်မဲ့ပြည်သူများ သေကျေ ဆုံးရှုံးခဲ့ရပါတယ်၊ ဒဏ်ရာရသူ ၂၉ ဦးရှိခဲ့ပါတယ်၊ ဖြစ်တုန်းက သုံးမြို့နယ်ထဲပါ၊ ထို့နောက် နမ္မတူ၊ နမ့်ခမ်းနဲ့ သိန်းနီမြို့နယ်အတွင်းမှာရှိတဲ့ ရွာတွေပါ တိုက်ခိုက်ခံရမှုကြောင့်  သေဆုံးမှု ပိုမိုများပြားလာတာကို တွေ့ရှိရပါတယ်" ဟု ဒေါက်တာမောင်သင်းက ပြောကြားသည်။

မိတ္ထီလာ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမောင်သင်းက တိုက်ပွဲများကြောင့် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွက်  စိုးရိမ်မိပြီး အထူးသဖြင့် ပြည်ထောင်စုအစိုးရ အစဉ်တစိုက် ကြိုးစားခဲ့သော အမျိုးသားရင်ကြားစေ့ရေးကို အကောင်အထည်ဖော်မည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ၏ လုပ်ငန်းစဉ်များကို နှောင့်နှေး စေမှုဖြစ်သွားမည်ကို ဆွေးနွေးခဲ့သည်။

ယင်းအဆိုကို ပျော်ဘွယ် မဲဆန္ဒနယ်မှ ဦးသောင်းအေး၏ ထောက်ခံမှုဖြင့် လက်ခံဆွေးနွေးရန် လွှတ်တော်က သဘောတူသဖြင့်  နိုဝင်ဘာ ၃၀ နောက်ဆုံးထား အမည်စာရင်းပေးရန် လွှတ်တော် ဥက္ကဋ္ဌက ကြေညာခဲ့သည်။