News

POST TYPE

LATEST NEWS POST

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုမြင့်မားနေသောနိုင်ငံများမှ ခရီးသည်များ မြန်မာနိုင်ငံသို့ ရောက်လာနိုင်ကြောင်း ထုတ်ပြန်
29-Feb-2020
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၉

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားနေသူမရှိသေးသော်လည်း ရောဂါကူးစက်မှုမြင့်မားနေသော တရုတ်နိုင်ငံအပြင် အီတလီ ၊ အီရန် နှင့် တောင်ကိုရီးယားနိုင်ငံတို့မှ ခရီးသည်များသည် မြန်မာနိုင်ငံသို့ဝင်ရောက်လာနိုင်သည့် အခြေအနေများစွာရှိနေကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၂၈ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။

ယင်းကဲ့သို့ အခြေအနေကြောင့် အပြည်ပြည်ဆိုင်ရာလေဆိပ်များတွင် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်ပူးပေါင်းကာ အားဖြည့်ဆောင်ရွက်လျှက်ရှိသလို အပြည်ပြည်ဆိုင်ရာဝင်ပေါက်များမှ သံသယလက္ခဏာရှိသူများ မဝင်ရောက်နိုင်စေရန် ထိန်းချုပ်ဆောင်ရွက်ခြင်း၊ နိုင်ငံတကာခရီးသည်များ တည်းခိုနေထိုင်မည့်ဟိုတယ် ၊တည်းခိုခန်း ၊ အိမ်များတွင် ရောဂါစောင့်ကြပ်ကြည့်ရှုရေးလုပ်ငန်းများမှာ အရေးကြီးသည့်အချက်ဖြစ်ကြောင်း ၎င်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ(ကိုရိုနာဗိုင်းရပ်စ်)ကို ကူးစက်မြန်ရောဂါ သို့မဟုတ် တိုင်ကြားရမည့်ကူးစက်ရောဂါအဖြစ် သတ်မှတ်ကြောင်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင်ပင် ထုတ်ပြန်ထားသည်။

ကိုရိုနာဗိုင်းရပ်စ်သည် လူလူချင်းကူးစက်ပြန့်ပွားနိုင်သည့်အတွက် ယခုကာလအတွင်း လူစုလူဝေးများပြားသောနေရာများနှင့် ပွဲလမ်းသဘင်များရှိရာနေရာများကို အတတ်နိုင်ဆုံးရှောင်ကြဉ်ကြရန် ၊ အခြေအနေအကြောင်းကြောင်းကြောင့် မဖြစ်မနေကျင်းပရမည့် လူစုလူဝေးနှင့် ပွဲလမ်းသဘင်များကိုသာပြုလုပ်ကြရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ရောဂါကာကွယ်ရေး ကျန်းမာရေးအသိပညာပေးနှိုးဆော်ချက်များကို တိကျစွာစနစ်တကျလိုက်နာဆောင်ရွက်ရန် ယင်းဝန်ကြီးဌာနကနှိုးဆော်ထားသည်။

တောင်ကိုရီးယားနိုင်ငံတွင် လူပေါင်း ၂၀ဝ၀ ကျော် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခြင်းခံနေရပြီး ၊ အီတလီနိုင်ငံတွင် လူပေါင်း ၆၀၀ ကျော် ၊ အီရန်နိုင်ငံတွင် လူပေါင်း ၂၀၀ ကျော်မှာလည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

S-09