News

POST TYPE

LATEST NEWS POST

တရုတ်သို့ဆန်ကွဲတင်ပို့မှု ပမာဏများလာသောကြောင့် ဆန်ကွဲဈေးများမြင့်တက်
27-Feb-2020
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇

တရုတ်သို့ ဆန်ကွဲတင်ပို့ရောင်းချရာတွင် အခွန်ဆောင်ရသည့်ပမာဏလျော့ကျသွားသောကြောင့် ဆန်ကွဲတင်ပို့မှု ပမာဏများလာကာ ဈေးနှုန်းများလည်းမြင့်တက်လာကြောင်း ဆန်ကုန်သည်များထံမှ သိရသည်။

ယခင်က ဆန်ကွဲတင်ပို့ရာတွင် အမြတ်ခွန်ပမာဏကို ၆၀ ရာခိုင်နှုန်းဆောင်ရခြင်းဖြစ်ပြီး ယခု ၁၄ ရာခိုင်နှုန်းသာ အခွန်ဆောင်ရခြင်းကြောင့် ဆန်ကွဲကိုပိုမိုတင်ပို့လာကြခြင်းဖြစ်ကြောင်း ယင်းကုန်သည်များက ပြောကြားသည်။

“အခွန်ဆောင်ရတဲ့ပမာဏ နည်းသွားတဲ့အတွက် နယ်စပ်ကကုန်သည်တွေ လုပ်လို့ရသွားတယ်။ အရင်ထက်စာရင် ပိုသွားတယ်။ ပြည်တွင်းမှာဖြစ်နေတဲ့ဈေးနဲ့တော့ အရမ်းစုပြုံသွားလောက်အောင် မကိုက်သေးဘူး” ဟု ဘုရင့်နောင်ကုန်စည်ဒိုင် အတွင်းရေးမှူး ဦးသန်းဦးက ပြောကြားသည်။

တရုတ်သမ္မတသည် ပြီးခဲ့သည့်ဇန်နဝါရီလ ၁၇ ရက်နေ့မှ ၁၈ ရက်နေ့အထိ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ခြင်းဖြစ်ပြီး ယင်းခရီးစဉ်တွင် စီမံကိန်း ၃၃ ခုကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကာ ယင်းလက်မှတ်ရေးထိုးခဲ့သည့်အထဲတွင် ဆန်ကွဲတင်ပို့ခြင်းကိုလည်း ထည့်သွင်းရေးထိုးခဲ့ခြင်းဖြစ်သည်။

“တရုတ်သမ္မတခရီးစဉ်မှာ လက်မှတ်ရေးထိုးခဲ့တဲ့ ဆန်တင်ပို့ရေးမှာ ဆန်ကွဲတင်ပို့မှုကို ဖြည့်စွက်ထိုးလိုက်တာပေါ့။ အရင်က ဆန်တစ်ခုပဲ တင်ပို့ခွင့်ရတာ။ အခုက ဆန်ကွဲပါထပ်တင်ပို့ခွင့်ရလိုက်တဲ့အတွက် တင်ပို့မှုမြင့်မားလာတဲ့အထဲမှာ ဆန်ကွဲလည်းပါတယ်” ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယအမှုဆောင်အရာရှိချုပ် ဦးမြင့်လွင်က ပြောကြားသည်။

ဆန်ကွဲတင်ပို့မှုများလာသောကြောင့် ယခင်ကတစ်အိတ်လျှင် ကျပ် ၁၃,၅၀၀ မှ ယခု ကျပ် ၁၅,၅၀၀၊ ယခင်က ၁၅,ဝ၀၀ ဝန်းကျင်တစ်အိတ်မှာ ယခု ၁၆,၅၀၀ ဝန်းကျင်ပေါက်ဈေးရှိကာ တစ်အိတ်ကို ကျပ် ၁,၅၀၀ မှ ၂,ဝ၀၀ ဝန်းကျင်အထိ မြင့်တက်သွားကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်ထံမှ သိရသည်။

S-07