News

POST TYPE

LATEST NEWS POST

ဝူဟန်မြို့တွင်ကျန်ခဲ့သော မြန်မာကျောင်းသားနှစ်ဦးကို အိန္ဒိယလေတပ် ကယ်ထုတ်
27-Feb-2020


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇

ကိုရိုနာဗိုင်းရပ်စ်စတင်ဖြစ်ပွားရာ တရုတ်နိုင်ငံ ဟူပေပြည်နယ်ဝူဟန်မြို့တွင်ကျန်ရှိနေခဲ့သည့် မြန်မာကျောင်းသားနှစ်ဦးကို အိန္ဒိယလေတပ်၏လေယာဉ်ဖြင့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ဘေးကင်းလုံခြုံစွာခေါ်ဆောင်လာကြောင်း အိန္ဒိယသံရုံး(ရန်ကုန်)က ထုတ်ပြန်သည်။

ယင်းကျောင်းသား ၂ ဦးအား အိန္ဒိယနိုင်ငံသို့ အိန္ဒိယလေတပ် လေယာဉ် Globemaster ဖြင့် ခေါ်ဆောင်ခဲ့ပြီး လိုအပ်သောအကူအညီများအားလုံးကို အိန္ဒိယနိုင်ငံအစိုးရ တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်ပေးလျှက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 မြန်မာအစိုးရ၏အစီအစဉ်ဖြင့် ဝူဟန်မြို့ရှိ ပညာတော်သင်ကျောင်းသားကျောင်းသူ ၆၂ ဦးကို စင်းလုံးငှားလေယာဉ်ဖြင့် ဖေဖော်ဝါရီလ ၂ ရက်နေ့က သွားရောက်ခေါ်ယူစဉ်က အဆိုပါကျောင်းသားကျောင်းသူ ၂ ဦးသည် ကိုယ်အပူချိန်မြင့်တက်နေသည့်အတွက် ကျန်ရှိခဲ့သူများဖြစ်သည်။

အိန္ဒိယလေတပ်လေယာဉ်သည် ဝူဟန်မြို့သို့ ဆေးဝါးအထောက်အပံ့များ သွားရောက်ပို့ဆောင်ခဲ့ပြီး ၎င်းလေယာဉ်ဖြင့် မြန်မာကျောင်းသားဦးအပါအဝင် ၁၁၂ ဦး ပြန်လည်ကယ်ထုတ်လာခဲ့ပြီး ကယ်ထုတ်လာသူအားလုံးကို ဒေလီမြို့ရှိ သီးသန့်ဆေးရုံတစ်ခုတွင် သီးသန့်ထားရှိစောင့်ရှောက်ထားမည်ဟု အိန္ဒိယသတင်းမီဒီယာများတွင် ဖော်ပြထားသည်။

နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် ဇနီးဒေါ်ချိုချိုဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယသမ္မတနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးအဖြစ် ရောက်ရှိပြီး တစ်ရက်အကြာ ယင်းကျောင်းသားကျောင်းသူ ၂ ဦးကို ဝူဟန်မြို့မှခေါ်ဆောင်လာနိုင်ခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံ ဟူပေပြည်နယ်တွင် ဖေဖော်ဝါရီလ ၂၇ ရက်နေ့အထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ခြောက်သောင်းငါးထောင်ကျော်ရှိပြီး သေဆုံးသူ နှစ်ထောင့်ခြောက်ရာကျော်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားသည်။

S-09