News

POST TYPE

LATEST NEWS POST

ရဲတပ်ဖွဲ့ဝင်များ အရပ်ဝတ်ဖြင့် လာရောက်ဖမ်ဆီးသဖြင့် ကျောင်းသားများ အဖမ်းမခံ
26-Feb-2020
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆

ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများကို ဆန္ဒပြမှုဖြင့် လာရောက်ဖမ်းဆီးသော ရဲတပ်ဖွဲ့ဝင်များသည် အရပ်ဝတ်များဖြစ်နေသောကြောင့် ယူနီဖောင်းအပြည်အစုံဖြင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ လာရောက်ဖမ်းဆီမှသာ လက်ခံမည်ဖြစ်ကြောင်း ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင်များက ပြောကြားသည်။

ရန်ကုန်ပညာရေးတက္ကသိုလ်အတွင်း ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် ရဲတပ်ဖွဲ့ဝင်များက အရပ်ဝတ်များဖြင့် ကျောင်းသားများကို ဒုတိယအကြိမ်လာရောက်ဖမ်းဆီးခြင်းကို ကျောင်းသားများက အဖမ်းမခံခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်တွင် စာသင်ကျောင်းပေါ်လက်နက်ကြီးကျမှု၊ အင်တာနက်ဖြတ်တောက်ခံရမှု၊ ပြည်တွင်းပြည်ပ သတင်းမီဒီယာများ လွတ်လပ်စွာသတင်းရယူခွင့်တို့ကို အစိုးရမှအမြန်ဆုံးဖြေရှင်းပေးရန် ရန်ကုန်ပညာရေး တက္ကသိုလ်ကျောင်းသားများသမဂ္ဂနှင့် ရခိုင်ကျောင်းသားများသမဂ္ဂ (တက္ကသိုလ်များ-ရန်ကုန်) တို့ ဦးဆောင်၍ ဖေဖော်ဝါရီ ၂၃ ရက် ညနေပိုင်းတွင် လှိုင်မြို့နယ် ဆင်ရေတွင်းမှတ်တိုင်မှ လှည်းတန်းစင်တာအထိ ချီတက်ဆန္ဒပြခဲ့ကြသည်။

ယင်းဆန္ဒပြမှုနှင့် ပတ်သက်ပြီး ဖေဖော်ဝါရီ ၂၄ ရက် နံနက်ပိုင်းတွင် ရန်ကုန်ပညာရေးတက္ကသိုလ်အတွင်းသို့ အရပ်ဝတ်များဖြင့် ရဲတပ်ဖွဲ့ဝင်များက ကိုနောင်ထက်အောင်နှင့် ကိုသုစိုးကို အရင်ဆုံးလာရောက်ခေါ်ယူခဲ့ပြီး မကြာမီအချိန်အတွင်း ကိုအောင်ပြည်စုံဖြိုး၊ ကိုဇော်ထက်နိုင်၊ မနှင်းနု၊ မအေးမြတ်မွန်ကျော်တို့ကို လာရောက် ခေါ်ယူခဲ့သော်လည်း ယင်းနေ့ ညနေပိုင်းတွင် ပြန်လွှတ်ပေးခဲ့သည်။

“ကျွန်တော်တို့က ကျောင်းဝင်းထဲမှာရှိတဲ့အတွက် ကျောင်းအာဏာပိုင်နဲ့အတူတူလာပေါ့။ ပြီးရင် ယူနီဖောင်းနဲ့လာဆိုတာကို သူတို့က အရပ်ဝတ်နဲ့လာတယ်ဗျာ။ လုပ်ထုံးလုပ်နည်းနဲ့လာတာလည်းမဟုတ်ဘူး။ အဲ့ဒါကြောင့် ကျွန်တော်တို့ကလက်မခံတော့ သူတို့ပြန်သွားတယ်” ဟု ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌကိုအောင်ပြည့်စုံဖြိုးက ပြောသည်။

ကျောင်းအုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူများက ရဲတပ်ဖွဲ့ဝင်များကို ကျောင်းထဲသို့ဝင်ခွင့်ပေးတော့မည်မဟုတ်ဘဲ ကျောင်းသားများကသာ ရဲစခန်းသို့ မိမိဘာသာသွားရောက်အဖမ်းခံကြရန်ပြောဆိုကြောင်း ၎င်းက ပြောကြားသည်။

ဆန္ဒပြမှုတွင် ဦးဆောင်ခဲ့သော ရန်ကုန်ပညာရေးတက္ကသိုလ်မှ ကိုနောင်ထက်အောင်၊ ကိုအောင်ပြည်စုံဖြိုး၊ ကိုဇော်ထက်နိုင်၊ မနှင်းနု၊ မအေးမြတ်မွန်ကျော်၊ ရန်ကင်းပညာရေးကောလိပ်မှ ကိုသုတစိုး၊ ရခိုင်ကျောင်းသားများသမဂ္ဂမှ ကိုကျော်လင်း၊ ကိုမြတ်ဟိန်းထွန်းနှင့် တောင်ငူပညာရေးကောလိပ်မှ ကိုသက်တင်အောင်တို့ကို ငြိမ်းစုစီပုဒ်မ ၁၉ နှင့် ကမာရွတ်ရဲစခန်းမှ ရဲမှူးသိန်းဟန်က တရားလိုလုပ်၍ တရားစွဲဆိုထားသည်။

“ကျွန်တော်ကတော့ အမှုကိစ္စနဲ့ပတ်သက်ပြီး စစ်စရာရှိတာစစ်တယ်၊ လုပ်စရာရှိတာလုပ်နေတယ်။ ဥပဒေနဲ့အညီ ဆောင်ရွက်နေတာ”ဟု ကမာရွတ်ရဲစခန်းမှ ရဲမှူးသိန်းဟန်က ပြောသည်။

J-02