News

POST TYPE

LATEST NEWS POST

ရန်ကုန်တိုင်းလွှတ်တော်တွင် သတင်းရယူရန် ၆၅ လက်မတီဗီတစ်လုံး ထပ်မံထားမည်
26-Feb-2020


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ 

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် သတင်းရယူလျက်ရှိသော သတင်းထောက်များအတွက် ၆၅ လက်မတီဗီတစ်လုံး ထပ်မံထားရှိပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံးထံမှ သိရသည်။

“ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကတော့ အစည်းအဝေးခန်းမရဲ့ အပြင်ဘက်မှာ အစည်းအဝေးခန်းမအတွင်းကို ရိုက်ပြထားတဲ့ တီဗီကိုကြည့်ပြီးတော့ သတင်းရယူကြရတာဖြစ်တဲ့အတွက် အခုလက်ရှိကြည့်နေတဲ့ တီဗီထက်ကြီးတဲ့ LCD တီဗီထားရှိပေးမှာကို ဝမ်းသာရပါတယ်” ဟု သင်္ဃန်းကျွန်းမြို့နယ်၊ အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ပြောကြားသည်။

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီနှင့် မဏ္ဍိုင်ကြီးလေးရပ်တွေ့ဆုံပွဲတွင် သတင်းအချက်အလက် ကြီးကြပ်ရေးအဖွဲ့ခေါင်းဆောင်က ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ယခုထက်ကြီးမားသော LCD တီဗီတစ်လုံး ထပ်မံထားရှိပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်ပြီး ၂၀၁၉-၂၀၂၀ ခုနှစ်၊ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေတင်ပြရာတွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က အတည်ပြုဆုံးဖြတ်ချက်ပေးခဲ့ခြင်းဖြစ်သည်။

“မဏ္ဍိုင်ကြီးလေးရပ်တွေ့ဆုံပွဲမှာ တောင်းဆိုချက်အရ ဒီဖြည့်စွက်ရန်ပုံငွေမှာ တင်ပြထားခြင်းဖြစ်ပါတယ်။ အခြားနိုင်ငံတကာလွှတ်တော်တွေမှာ ဒီလိုပဲ ကောင်းမွန်စနစ်ကျခမ်းနားတဲ့ တီဗီတွေရှိကြောင်းကို လွှတ်တော်ကိုယ်စားလှယ်က ထောက်ခံဆွေးနွေးထားပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ထည့်သွင်းတောင်းဆိုရခြင်းနှင့်ပတ်သက်၍ လွှတ်တော်သို့တင်ပြခဲ့သည်။

နိုင်ငံတကာလွှတ်တော်များတွင် သတင်းမီဒီယာသများအနေနှင့် လွှတ်တော်အစည်းအဝေးခန်းမအတွင်း ဝင်ရောက်နေရာယူပြီး လွှတ်တော်အစည်းအဝေးကျင်းပနေသည်ကို တိုက်ရိုက်သတင်းရယူ ထုတ်လွှင့်နိုင်ကြောင်း၊ မီဒီယာများ၏ တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ဖြင့် ယခုထက် ပိုမိုလွတ်လပ်စွာ သတင်းရယူနိုင်သည့် အခင်းအကျင်းမျိုးဖြစ်စေရန် အနာဂတ်ကာလရည်မှန်းချက်ထားရှိပြီး ဆောင်ရွက်သင့်ကြောင်း သင်္ဃန်းကျွန်းမြို့နယ်၊ အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က အကြံပြုထားသည်။

S-08