News

POST TYPE

LATEST NEWS POST

AA က ဖမ်းဆီးထားသူတစ်ဦးကို ပြန်လွှတ်
26-Feb-2020
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅

ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) ဖမ်းဆီးထားသည့် ဆောက်လုပ်ရေး အင်ဂျင်နီယာတစ်ဦးကို စစ်ဘက်နှင့် သက်ဆိုင်ခြင်းမရှိဟုဆိုကာ ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း AA က သတင်းထုတ်ပြန်သည်။

ယခုလွှတ်ပေးလိုက်သူမှာ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်တွင် နေထိုင်သူတစ်ဦးဖြစ်ကာ ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြတံတား ပြုပြင်ထိန်းသိမ်းရေးဌာနခွဲတွင် တာဝန်ထမ်းဆောင်နေသည့် အငယ်တန်း အင်ဂျင်နီယာတစ်ဦးဖြစ်သူ ဦးကျော်ဇင်ထွန်းဖြစ်ကြောင်း သိရသည်။

၎င်းကို ရသေ့တောင်မြို့နယ် ရေမျက်ကျေးရွာအနီးတွင် ရွှေနဒီ အမြန်ရေယာဉ် ဖြစ်စဉ်အပြီးတွင် ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ၂၆ ရက်နေ့က AA လက်နက်ကိုင်အဖွဲ့က ခေါ်ယူထိန်းသိမ်းထားခြင်းဖြစ်ကြောင်းလည်း AA လက်နက်ကိုင်အဖွဲ့ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဦးကျော်ဇင်ထွန်းအား ရက်ပေါင်း ၁၂၀ ကြာ ထိန်းသိမ်းထားခဲ့ပြီး ဖေဖော်ဝါရီလ ၂၄ ရက်နေ့ မွန်းလွဲပိုင်းက ရသေ့တောင်မြို့နယ် ရီပိုက်ဆုံကျေးရွာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာလူကြီးများထံ ကောင်းမွန်စွာအပ်နှံပေးပြီးဖြစ်ကြောင်းလည်း AA က ထုတ်ပြန်သည်။

ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) အနေနှင့် ဖမ်းဆီးထားသူများထဲမှ စစ်ဘက်နှင့် မသက်ဆိုင်သူများကို ပြန်လွှတ်ပေးနေခဲ့ရာ ၂၀၁၉ ခုနှစ်အတွင်း ၆၆ ဦးရှိခဲ့ပြီး၊ ယခု ၂၀၂၀ ပြည့်နှစ်အတွင်း ၄ ဦး ရှိသွားပြီဖြစ်ကာ စုစုပေါင်းစစ်ဘက်နှင့် မသက်ဆိုင်သူ ၇၀ ဦးကို ပြန်လွှတ်ပေးခဲ့ပြီးဖြစ်ကြောင်း AA က ထုတ်ပြန်သည်။

S-04