News

POST TYPE

LATEST NEWS POST

မိုးကုတ်မြို့တွင် ပွဲလမ်းသဘင်များ ကျင်းပခြင်းမပြုရန် ဒေသခံများတောင်းဆို
26-Feb-2020


မန္တလေး၊ ဖေဖော်ဝါရီ ၂၅

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မည်ကို စိုးရိမ်သောကြောင့် မိုးကုတ်မြို့တွင် လူစုလူဝေးဖြင့်ပြုလုပ်ရသော ပွဲလမ်းသဘင်များ မကျင်းပရန် သက်ဆိုင်ရာအုပ်ချုပ်ရေးအာဏာပိုင်များထံ တင်ပြတောင်းဆိုထားကြောင်း မိုးကုတ်မြို့ဒေသခံများထံမှ သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ မိုးကုတ်မြို့နယ်လုံးဆိုင်ရာ မြို့မိမြို့ဖအဖွဲ့က ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် မိုးကုတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ပေးပို့ခဲ့ကြောင်း မိုးကုတ်ဒေသခံတစ်ဦးက ပြောကြားသည်။

ကိုရိုနာဗိုင်းရပ်စ်(လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ) နှင့်ပတ်သက်၍ မိုးကုတ်မြို့နယ်သူ၊ သားများ နေ့စဉ်နှင့်အမျှ စိုးရိမ်နေရပြီး မြို့မိမြို့ဖများထံ တင်ပြတောင်းဆိုလာမှုကြောင့် လူစုလူဝေး၊ ပွဲလမ်းသဘင်ကျင်းပခြင်းကို တားမြစ်ရပ်ဆိုင်းပေးနိုင်ရန် အကြံပြုကြောင်း ၊ ယင်းကြောင့် မိုးကုတ်မြို့နယ်အတွင်း၌ရှိသော ဘုရား၊ ကျောင်းကန်များတွင် ဘုရားဝတ်တက်ခြင်း ၊ ရွှေဆိုင်းကပ်ခြင်း ၊ ဘုရားပူဇော်ခြင်းကို မဆိုလိုကြောင်း ၊ မိုးကုတ်မြို့နယ်အတွင်း ဘာသာအသီးသီးကို ကိုးကွယ်ကြသည့် ဘုရားကျောင်းများကို အခြေပြုကာ လူစုလူဝေးပြုလုပ်၍ ပွဲလမ်းသဘင်ကျင်းပပါက မလိုလားအပ်သည့် ကျန်းမာရေးဘေးအန္တရာယ်များဖြစ်ပေါ် လာမည်ကိုမလိုလား၍ ဒေသခံပြည်သူများကို ကာကွယ်ပေးရန် အကြံပြုတင်ပြရခြင်းဖြစ်ကြောင်း မိုးကုတ်မြို့နယ်လုံးဆိုင်ရာ မြို့မိမြို့ဖအဖွဲ့၏တင်ပြစာတွင် ဖော်ပြထားသည်။

ယခုကာလသည် ဘုရားဖူးရာသီဖြစ်သည့်အတွက် ကျွန်တော်တို့ မိုးကုတ်မြို့သို့ အလုံးအရင်းဖြင့် ဝင်ရောက်လည်ပတ်ကြမည်ဖြစ်ပြီး ဝူဟန်ကိုရိုနာဗိုင်းရပ်စ် Covid-2019 ထိန်းချုပ်ကာကွယ်ရေးလုပ်ဆောင်နိုင်ရန် မြို့သို့ လာရောက်လည်ပတ်ကြမည့် ဘုရားဖူးဧည့်သည်တော်များအား ဝင်ရောက်မလည်ပတ်နိုင်ရန် တားမြစ်ပေးစေလိုကြောင်း မိုးကုတ်မြို့ခံနိုင်ငံရေး တက်ကြွလှုပ်ရှားသူ ဦးစိုးမင်းလှိုင်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာကတစ်ဆင့် ပြောဆိုထားသည်။

မြို့မိမြို့ဖများ၏တင်ပြချက်ကို မိုးကုတ် မဲဆန္ဒနယ်မြေအမှတ်(၂) မှ မန္တလေးတိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးစောသောင်းတင်က သဘောတူထားကြောင်း မိုးကုတ်မြို့ခံတစ်ဦးက ပြောဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ မိုးကုတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့  တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရပေ။

မိုးကုတ်မြို့၌ တပေါင်းပွဲတော်ကို တပေါင်းလဆန်း ၁၁ ရက်နေ့မှ လပြည့်နေ့အထိ နှစ်စဉ်ကျင်းပလေ့ရှိသည်။

မိုးကုတ်မြို့နယ်တွင် ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်းက အသက် ၂၁ နှစ်အရွယ် အမျိုးသမီးတစ်ဦး ကို ယင်းရောဂါနှင့်ပတ်သက်၍ စောင့်ကြည့်စစ်ဆေးမှုများ ပြုလုပ်ခဲ့သော်လည်း ရောဂါပိုးမတွေ့ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ 

S-02